မောင်.. မိချော နောက်လ ဆို မြန်မာပြည် အပြီး ပြန်ခဲ့မယ်နော်..
မျှော်ရင်း စောင့်ရင်း လကိုနေ့စား ၊ နေ့ကို နာရီ စားလို့ အချိန်သည် သိပ်မလိုတော့ပါလား ။ "မောင် ပင်ပန်းလိမ့်မယ် "အကျဉ်းချုပ်ပြီး လက်မှတ်ထိုးလိုက် လည်း ဖြစ်ပါတယ်။
ဪ ချစ်တဲ့ သူလေး .........မိချော....
မိချော ဆိုတဲ့ ကောင်မလေး တစ်ယောက် ၊ ပိန်ပိန်ပါးပါး ၊ အရပ် မနိမ့်အမြင့် ၊ မမြင့်ဆိုသော်ငြားလည်း ကျွန်တော်ထက် အရပ်မြင့်ပါတယ်။ အသားရေ ကတော့ အညာသူတွေ ထုံစံအတိုင်း ညိုစိမ့်စိမ့်။
သာမာန် မိန်းကလေး သာမာန်ကျောင်းသူ တစ်ယောက်ပါပဲ ။ မိမိတို့ အတန်းထဲ က ကျောင်းသူ များကို ကျောင်းတက်ချိန်တွေတိုင်း " ဖုတ်လေတဲ့ ငပိ ရှိတယ် " လို့ မထင်ပဲ အခြား အတန်းတွေကိုသာ
စော်ရှိုးသွားတတ်ကြတဲ့ ကျွန်တော်(မောင်ငနေ) တို့ အဖွဲ့ပါ ။ အတန်းချိန် တစ်ချိန်ပြီး တိုင်း အိမ်သာ သွားချင်သည် ဖြစ်စေ မသွားချင်သည် ဖြစ်စေ အပြင်ကိုထွက်ခဲ့ကြပါသည်။
ဘီတက်ပထမနှစ်တန်းက မမတွေကို သွားရှိုးလိုက် ၊ ပထမနှစ်က ညီမလေးတွေကို သွားရှိုးလိုက် ဖြင့် ကျွန်တော်တို့ အဖွဲ့ သည် ကော်ရစ်ဒါ တစ်လျှောက်မှာ လမ်းသလား နိုင်ဆုံး အဖွဲ့ပါ။
ကျွန်တော်တို့ ကျောင်းကြီးသည် သုံးထပ် ကျောင်းဆောင်ကြီး ဖြစ်ပါသည်။ အလယ်တည့်တည့် သည် ဆင်ဝင် ပေါ်တီခုန် ဖြစ်ပြီး အပေါ်ဆုံးထပ်ကို ဟောခန်း ဘွဲနှင်းသဘင် အဖြစ် ခန်းမကျယ် တစ်ခု။
ဘေး ဘယ်ညာ ဝဲဖက် ယာဖက်သည် သုံးထပ်ဆီ ဖြစ်ပါသည်။ လက်ယာဘက်ခြမ်း သုံးထပ်မြောက် စာသင်ခန်းမှ မှ လက်ဝဲဖက် ပထမထပ် အခန်းထိ မုန့်လာဝယ်စားကြပါသည်။ မုန့်စားချင်သည်ထက် စော်ငန်းချင် စိတ်က များပါမည်။
စာသင်ချိန်များသည် တစ်ချိန်ပြီး တစ်ချိန် ၊ စာသင်နှစ်များသည် တစ်နှစ်ပြီး တစ်နှစ် ကုန်မှန်း မသိ။ ဘီအီးနှစ် ။ ရှိနေဆဲ အချိန်များသည် ရင်ဘတ်ထဲမှာ မညှိတွယ်၊ ကုန်ဆုံးတော့မည် ဆိုမှ အရာရာတိုင်းဟာ လွမ်းချင်စရာ ။ ဟိုးယခင်နှစ်များသည် ကျောင်းတွင်း လက်ဖက်ရည်ဆိုင် မရှိခဲ့ပါ။ ယခုနှစ်မှ ကျောင်းကန်တင်း စတင် အသက်ဝင်ပါတော့သည်။ ကျောင်းတော်ကြီး နှင့် ဌာန များ ကြား မြေကွက်လပ်များတွင် ဖွင့်ခွင့်ပေးလိုက်ပါသည်။
ဟော အတန်းထဲ က စွာကျယ်မ အုပ်စု တို့ လာပါပြီ ။
"ဟေး သူငယ်ချင်းတို့ ဝိုင်းမလောက်ရင် ဒီလာထိုင်လေ" ။
"ထိုင်တော့ပါဘူး နင့်သောက်တဲ့ လက်ဖက်ရည်ဖိုးပါ ... ငါတို့ရှင်းနေရလိမ့်မယ်"
"ငါ ကျွေးပါ့မယ်.. ဟာ တစ်တန်းထဲသားချင်းပဲ " " ဒီလောက်တော့ တတ်နိုင်ပါတယ်"
" အော်.. ဒီလ အိမ်က ပို့လိုက်ပြီပေါ့ "
"ပို့သေးပါဘူး ဖဲနိုင်ထားလို့ " အမ် ထိုင်ပါ ထိုင်ပါ နင့်တို့ကလည်း စိမ်းကားလိုက်တာ။
ဟေး ဒီနှစ် ဘောလုံးပွဲ က ငါတို့ အိုင်တီက ချန်ပီယံနော်။ အေးလေ အဲဒါ ဘာဖြစ်လဲ ။
"သူများ မေဂျာတွေတုန်းက မုန့်ဟင်းခါး တိုက်သလားလို့" ပါ။ "စားကွက်ပဲ လိုက်ချောင်းနေ"
"နင်က ဘယ်သွားအိပ်ပျော်နေတာလဲ ၊ ငါတို့လည်း သောကြာနေ့ မုန့်ဟင်းခါးတိုက်မှာလေ " ။
"ဒီနေ့ အတန်းထဲမှာ ဆရာမဆီ ခွင့်တိုင်တာ ကြားလိုက်တယ်။ မုံရွာမြို့ထဲ ဈေးသွားဝယ်ကြမလို့ တဲ့ ချန်ပီယံဖြစ်တဲ့ အထိမ်းအမှတ်" တဲ့လေ ။
"အတန်းခေါင်းဆောင် ဟိုတစ်ယောက် လေ ဘယ်သူတုန်း ဆံပင် ဂလိပ် နဲ့ ကျော်ကြီးဆိုလား ချော်ကြီး " ဆိုလား ။
"ကျော်ကြီး " ပါဟာ။
"ယောက်ျားလေးတွေ နင့်တို့လည်း မနက်ဖြန် ဝိုင်းကူဖို့ စောစောလာကြဦး ၊ "
"အောင်မာ ငါတို့ ယောက်ျားလေးတွေကြီးပဲ ပြောမနေနဲ့ နင်တို့ မိန်းကလေးတွေလည်း အပျင်းထူ မနေနဲ့ အဆောင် မှာနေတဲ့သူတွေ စတီးဓားရှိရင် ယူခဲ့ကြဦး " တဲ့
၂၀၁၁ ခုနှစ် မုံရွာ နည်းပညာတက္ကသိုလ် ကျောင်းတွင်း ဘောလုံးပြိုင်ပွဲ အိုင်တီ မေဂျာ ချန်ပီယံ ဖြစ်သည့် အထိမ်းအမှတ်ဖြင့် သက်ဆိုင်ရာ ဌာန များ နှင့် ကျောင်းသားကျောင်းသူများ ကို ဖိတ်ပြီး ဧည်ခံကြပါသည်။ အိုင်တီ မေဂျာ အတန်းကြီးတွေရော အတန်းငယ်တွေ ရော တက်ညီလက်ညီ မနက်ခင်းကတည်းက လုပ်ကြ ကိုင်ကြဖြင့် ညနေခင်း မတိုင်မီ အပြီးသတ် သိမ်းဆည်းကြပြန်ပါသည်။ ပင်ပန်းကြသော်လည်း
ချန်ပီယံ မျက်နှာကြီးကြောင့် ပင်ပန်းရမှန်း မသိကြပေ။
ပျော်စရာ အချိန်များသည်လည်း အကန့်အသတ် ရှိပေသည် ။ ပျော်ရွင်ပြီးနောက် စာမေးပွဲကြီး ကြိုနေလေသည်။ ကျန်တဲ့ အချိန်များတွင် နေချင်သလို နေ ပေချင်သလို ပေကြသော်လည်း စာမေးပွဲဆိုသည် အသံသည် အားလုံး ကို ရပ်တန့်စေသည်။ ဖဲရိုက် ဂိမ်းနှိပ် အရက်သောက် ဘောလုံးပွဲလောင်း ဖွန်ကြောင် ကိစ္စများ အရှိန်တန့် ကြလေသည် ။ မှတ်စုများ စုခြင်း ၊ မိတ္တူကူး ၊ စာမေးသံ စာရှင်း သံများဖြင့် လက်ဖက်ရည်ဆိုင် များ မိုးညုင်း ဇရပ်များတွင် သူ့ အစု နှင့် သူ စာမေးပွဲကြီးအတွက် ပြင်ကြလေသည်။
ဟိုးးး ..ယခင်ကတည်းက ကဗျာ ကြောင်ကြောင် စာကြောင်ကြောင် မောင်ငနေသည် စာမကြည်နိုင်သေးပဲ ၊ ကျောင်းတော်ကြီး ရှေ့တည့်တည့် ထိုင်ခုံကလေး မှ ထိုင်ငေးပြီး
ကျောင်းတော်ကြီး ကို မျက်စိရှေ့မှ " စုတ်ခနဲ " ပျောက်သွားတော့မည် အလား စိုက်ကြည်တော့ပါသည်။ ကျောင်းတော်ကြီးသည်လည်းကောင်း ၊ ခရေပင်တန်းကလေးသည် လည်းကောင်း ၊ ထန်းပင်တန်းကလေးသည် လည်းကောင်း စကားပြောတတ်မည်ဆိုရင် ငါတို့လည်း လွမ်းနေပါသည် ပြန်ပြောလေမလား ? အော် အမိတက္ကသိုလ် စိတ်ကူးထဲတွင် လွမ်းလို့ အားမရနိုင်ပဲ စာရွက်ပေါ်ကျလာသော ကဗျာ အပိုင်းအစများ
နှစ်တွေ အလီလီပြောင်း ၊
ရွက်ဟောင်းကြွေလို့ ၊ ရွက်သစ်ဝေလည်း
ခိုင်မာတဲ့ အတွေးကလေးဖြင့် ဆီးကြို။
လက်ပြလည်း မင်းမငို
အဟောင်းတွေ ပစ်မြဲ အနှစ်မခဲ
ချစ်ဆဲပါ အမိတက္ကသိုလ်။ (ပိုးပေါက်)
"ဟဲ့ ဒီနား ဘာထိုင်လုပ်နေတာလဲ "
"ဟာ လန့်တာဟာ ဒီမှာ ကိုယ်ဖီ နဲ့ ကိုယ်ငြိမ့်နေတာ"
"စာမေးပွဲက ဟိုဒင်း ကပ်နေပြီ ဖီးလို့ မဆုံးနိုင်သေးဘူး ဘယ်ကောင်မလေး ကြိုက်နေတာလဲ ဟမ် ငါပြောပေးမယ်"
သူပြောပေးမယ်ဆိုမှ ရည်းစားဆိုတဲ့ အတွေး ခေါင်းထဲ ဝင်လာပါတော့တယ်။ တည်တည်တံ့တံ့ ကောင်မလေး လိုက်ဖို့လည်း မစဉ်းစားတတ်တော့ ဘယ်ကောင်မလေး နဲ့ မျှ ရည်းစား မဖြစ်ခဲ့ပါ။
ဟုတ်တိ ပတ်တိလည်း ရည်းစား စကားမပြောတတ်။
"နင် စာတွေရပြီလား ၊ ကြည့်တော့ ကြည့်နေတယ် သိပ်နားမလည်းတော့ ရှေ့မရောက်ဖြစ်ဘူးနေတာ "
"အမလေး ကိုယ်တော်ချော နားမလည်တာတောင် လာမမေးဘူး မနက်ဖြန် ငါအဆောင် လာခဲ့လိုက် ငါရှင်းပြမယ်"
"ဖြေနိုင်လား သူငယ်ချင်း "
"မဆိုးပါဘူး အောင်မှတ်တော့ ရမယ်ထင်တာပဲ "
"နင်ရော ဖြေနိုင်လား "
"အေး ဟာ့ ဖြေတော့ ဖြေလိုက်တာပဲ မာစတာ တော့ ပါလောက်တော့ပါဘူးဟာ"
"အမ် အေးပါ နင်တို့က စာရတဲ့ သူတွေဆိုတော့ မှန်းနိုင်တာပေါ့ ငါတို့ သာ အောင်မှတ်ပဲ မှန်းရတာ အခန့် မသင့်ကျဦးမယ်"
"အယ် နင်ကလည်း ပါးစပ်ပုတ်ကြီးနဲ့ ။ "
"ငါတို့ စာမေးပွဲကြီး ပြီးပြီဆိုတော့ တစ်နေ နေရာ သွားရအောင်လား "
"ဘယ်သွားမှာလဲ "
"အောင်သာကန်ကို သွားမယ်လေ" အပြန် "ဖူးဝေ" လက်ဖက်ရည်ဆိုင်မှာအ ကြော်စုံ စားကြတာပေါ့။
မှိုင်းညို့ အုပ်ဆိုင်းနေသော သစ်ပင်များသည် အောင်သာကန်ကို လာရောက်သူများအတွက် အရိပ်အာဝါသ ကောင်းကောင်းဖြင့် ဆွဲဆောင်ထားနိုင်ပါသည်။ ငါးကလေးများ အစာ ကျွေးနိုင်သလို ဘုရားပေါ်တွင် အေးချမ်းစွာ ဝတ်ပြုဆုတောင်းနိုင်ပါသည်။ ကျောင်းတော်ကြီး နောက်ဆုံး ရက်ဖြစ်သည်မို့ အလွမ်းသယ်နေကြသော ချစ်သူများသည်လည်း ဟိုနားတစ်တွဲ ဒီနားတစ်တွဲ ဖြင့် လူငယ့်တို့ နှလုံးသားရေးရာ
မှတ်တမ်းတင် ဆွတ်ပျံ့ကြည်နှူးလွမ်းမောဖွယ်ရာ နေရာ တစ်ခုပင်။
"ဗိုက်ဆာပြီဟာ့ ငါတို့ လက်ဖက်ရည်ဆိုင်ဖက် သွားရအောင်။" "ဒိုးမယ်လေ လာလာ ထထ သွားကြမယ် သူငယ်ချင်း တို့ "
"ဗျို့တီးဆရာ ဝမ်းတီး" "ပိုင်လှချေလား ၊ တီးဆရာ နဲ့တောင် တော်တော်သိနေပြီ"
ဒီဆိုင်က "အကြော်စုံ ကောင်းတယ် မှာကြ" ပြောစရာကို မလိုတာ ပါပြီးသား "
"ယောကျ်ားလေးတွေ နင့်တို့ ကျွေးမှာနော် ငါတို့ က ပိုက်ဆံ ပါဘူးနော့ ပြန်စရိတ်ချန်ရဦးမှာ "
"နင်တို့ က ဘယ်ပြန်ကြမှာလဲ ငါက ပုလဲ ဟိုဖက်က တစ်ယောက် တန့်ဆည် ဟိုတစ်ယောက် က ရေဦး "
ကျန်တာတွေကတော့ မုံရွာ နားကပဲ ။ ကျောင်းပြီး လို့ အလုပ်တွေ ခေါ်တာတွေ့ရင် ပြောကြဦးနော် ။
ငါတို့အဖွဲ့က ကျောင်းပြီးတာ နဲ့ ရန်ကုန် သွားမှာ နင်တို့မိန်ကလေးထဲ က ဘယ်သူ လိုက်ဦးမှာလဲ စုစုစည်းစည်းသွားတော့ ကောင်းတာပေါ့ ဟီး ငါတို့ က သွားမယ်တာပြောတာ
ရန်ကုန်ကို တစ်ခေါက်မှ မရောက်ဖူးဘူး ၊ အမလေး သူတို့ သာ အားကိုးပြီးလိုက်မယ်ဆိုလို့ကတော့
"ငါက လိုက်ချင်တယ် အိမ်တော့ မပြောရသေးဘူး ငါအိမ်က လွတ်ပါ့မလား မသိဘူး လိုက်ဖြစ်ရင် ပြောမယ်လေနော် "
အေးပါ ငါတို့ ဒီကြားထဲ တစ်ယောက် နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်လောက်ပါဘူး ဖုန်းဆက်ကြပေါ့ ။
အဆောင်ပိတ်သွားလိမ့်မယ် ၊ စကားကောင်းနေလိုက်တာ ၊ ပိုက်ဆံ ရှင်းမယ်ဟေ့ ။ နေ........ နေ ငါတို့ ယောကျ်ားလေးတွေ ရှင်းလိုက်မယ်။
ကိုနေ "ငါတို့ ဆိုင်ကယ် မလောက်လို့ မင်းသူငယ်ချင်း မိချော ကို မင်းပဲ ဆောင်လိုက်ပို့လိုက်"
မိချော " လာ ငါလိုက်ပို့မယ် " ဟေး မိချော "ခါးဖက် ခါးဖက်"
"ကောင်စုတ်တွေ ဘယ်အချိန်ကတည်းက ပြောင်ချင်နေမှန်း မသိဘူး"
ကျွီ.......ဘရိတ်အုပ်ပြီး လမ်းဘေး ခဏ ရပ်လိုက်တယ်.
"မိချော ငါတို့ အားလုံ မနက်ဖြန်ဆိုရင် ကိုယ်ရပ်ကိုယ့်ရွာကို ပြန်ကတော့မယ်"
သူငယ်ချင်းတွေ နဲ့ ခွဲရလို့ လွမ်းရတဲ့ ဒဏ်ရော ၊ လေးငါး ခြောက်နှစ် နေခဲ့တဲ့ အခန်းလေးရော ၊
ကျောင်းတော်ကြီး ရော ကျောင်းရှေ့က ကုက္ကိုပင်ကြီးတွေရော
တမာတန်းရော ဘယ်ကိုဦးတည်လွမ်းရမှန်းမသိတဲ့ အလွမ်းဝေဒနာ ဖြစ်နေလို့ပါ
"အဲထဲ မှာ မိချောလည်း ပါတယ်"
"ငါက ဘာဖြစ်လို့ ပါရတာလဲ "
"ငါ က နင့်ကို ချစ်နေတာ"
"ဟာ နင့်ကလည်း ဟာ သူငယ်ချင်း အချင်းချင်း ကြီးကို မဖြစ်သင့်ပါဘူး "
"နင် မူးနေတာတော့ မဟုတ်ပါဘူးနော် "
"မမူးပါဘူး ဟာ တကယ့်ပါ စဉ်းစားပေးပါနော် "
"အေးလေ အဲဒါဆိုလည်း ငါစဉ်းစားပေးမယ် ခုလောလောဆယ် အဆောင်တော့ ရောက်အောင်ပို့ပေး"
"ငါတစ်ခါတည်းထဲ မှာလိုက်မယ် သူငယ်ချင်းတွေကို နင်တစ်ယောက် မှ မပြောရဘူးဆိုတဲ့ ကတိပေး"
"အေးပါ ငါပေးပါတယ်"
နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းရှေ့လမ်းမ ကြီးဟာ ဘုရားဖူးကားများ၊အနီးအနား ရှိရွာများ မှ ကားများဖြင့် ဖြတ်သန်းကြပါသည်။ ယနေ့ လို ကျောင်းပိတ်ရက်မျိုးတွင် ကိုယ်ပိုင်ကားများ ဖြင့် လာကြိုကြသော ကားများ ၊ ရေဦး တန်ဆည် ဘက် မှ ကားများ အရာတော် ရွှေဘိုဘက်မှ ကားများ ပုလဲ မင်းတိုင်မင်း မှ ကားများ တူရာ တူရာ စုငှားပြီး ပြန်ကြလေသည်။ နယ်အရမ်းဝေးသော သူငယ်ချင်းများသာ အဆောင်မှာတ စ်ယောက် စ နှစ်ယောက်စ ကျန်ခဲ့တော့သည်။ လူ ၄၀ ၅၀ နီးပါးရှိသော အဆောင်သည် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားလိုက်တာ လူများ ကို ယူပစ်သလို ။
သာမာန်အချိန်ဆိုလျှင် ဂစ်တာ တီးသူတီး ၊ ခြင်းခတ်သူ ခတ် စာကျက်သူ ကျက် နှင့် စိုပြည်နေသော အဆောင်ပတ်ဝန်ကျင်းသည် တိတ်ဆိမ်ငြိမ်သက်လျက်။
လွမ်းသမျှ လွမ်းလို့ ရသမျှ အကုန်လွမ်းနေသာ ကိုနေ အတွက် မနေ့ တစ်နေ့က မှ ချစ်ခွင့်ပန်ထားသော ချစ်သူ ကိုလည်း လွမ်းလျက်။
ကိုယ်ရွာ ကိုယ်ဒေသ ရောက်ပြန်သော်လည်း ခေတ်ကာလ အရ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသောကြေ
အချိန်ကာလ တစ်ခု ကြာသည် အထိ စဉ်စားပြီး မှ မိချော ထံ မှ အဖြေပြန်ရလေသည်။ ကျောင်းပြီးပြန်လာချိန်တွင် လဒ ဘာမီတွန် တိုက်ထားသော ကျွန်တော် (မောင်ကိုနေ) သည် အဖြေရပြီးနောက်ပိုင်း ရွှင်တပြုံးပြုံး မောင်ဖိုးပြုံး နွားစာ စင်းလိုက် ၊ နွားကျွေးလိုက်ဖြင့် အောင်စာရင်း စောင့်ရင်း မိဘ အလုပ်များကို ဝိုင်းကူနေလေသည်။
အောင်စာရင်းတွေ ထွက်ကြောင်း မိချော ဖုန်းဆက်လာပါသည်။ မိန်းကလေး သူငယ်ချင်းတွေ အကုန်အောင်သည့် အပြင် မာစတာ ပါကြောင်း လမ်းကြွားလိုက်သေးသည်။ ယောကျာ်းလေးအဖွဲ့ မှ မိုးဇော်၊ဝင်းကို၊ နောင်ကြီး တို့ အပြင် ဆရာတွတ် (ခ) တွတ်ပီ တို့ စာမေးပွဲ ကျကြောင်း သိရလေသည်။ ယောက်ျားလေးအဖွဲ့မှ မိမိအပါအဝင် သုံးယောက်သာ အောင်လေသည်။ အားလုံး မအောင်ခဲ့သဖြင့် မိမိအောင်သည်ကို
ပင်အပြည့်အဝ ဝမ်းသာနိုင်ပဲ သူငယ်ချင်း တစ်ယောက်ချင်းဆီ ဖုန်းဆက် နှစ်သိမ့်ခဲ့ပါသည်။ အထူးစိုးရိမ်မိသည် မှ ကျောင်းပြန်မတက်ဖြစ်မှာပဲ ဖြစ်ပါသည်။ ကျန်တဲ့ သူတွေ အကုန်တက်မည်ဟု သိရသော်လည်း နောင်ကြီး အိမ်သည် အဆင်မပြေသဖြင့် တက်ဖြစ်တော့မည် မဟုတ်ကြောင်း ရရာ အလုပ်ဖြင့် လုပ်တော့မည် ဟု သိရသည်။ ကျောင်းပြီးသည် နှင့် ရင်ဆိုင်ရတော့မည် လူ့ဘဝ ခက်ခဲမှုများပေတည်း။
နောင်ကြီး မှ လွဲ၍ ကျန်သော စာမေးပွဲကျသော သူငယ်ချင်းများ အကုန်ကျောင်းပြန်တက်ကြပါသည်။ ကိုနေ ၊ မိချော၊ ထွန်းလင်း ၊ မွန်သက် ၊ သိုက်ထွန်း တို့အဖွဲ့သည် ရန်ကုန်သွားဖို့ ပြင်ဆင်ကြတော့သည်။
ရန်ကုန်ရောက်တွင် ယောကျ်ားလေးများသည် တိုက်ခန်း သပ်သပ် စုငှား မိန်းကလေးများသည်လည်း တိုက်ခန်း သပ်သပ် စုငှားကြလေသည်။ ကျောင်းတက်ချိန်တွင် တစ်လ တစ်ခါ မပူအပင် မရှိ အိမ်က လှမ်းပို့သော်လည်း ကျောင်းပြီး လက်ထဲ ပိုက်ဆံ သုံးစရာ ပြတ်လျှင် အလိုလို ငိုချင်လာလေသည်။ ကျောင်းတက်နေစဉ် အချိန်တွင် ကျောင်းသားမို့ ကျောင်းသူမို့ ဆိုပြီး အားတင်းက အဖေ ပိုက်ဆံ ပေးပါဦး အမေ ပိုက်ဆံ ပေးပါဦးဟု မှာရဲ သော်လည်း ကျောင်းပြီး အလုပ်မရခင် စပ်ကြား အင်မတန် ကြပ်တည်း ခဲယဉ်းလေသည်။
အလုပ်ကလေး တစ်ခု နှစ်ခုတော့ အင်တာဗျူး ခေါ်သော်လည်း ခန့်မည် မခန့် မည်ကို မသိသေးပါ၊ ထိုကြားထဲ ဝမ်းသာ စရာ သတင်းကောင်းမှ မိချောသည် ဂျပန် ကုမဏီ တစ်ခု တွင် အလုပ်ရသွားလေသည်။
ကျန်တဲ့ သူငယ်ချင်းများလည်း သူနည်း သူဟန်ဖြင့် ရန်ကုန်အခြေအနေကို ချဉ်စပ်ပြုတ် နှင့် ကြက်ဥ စားကာ အားတင်ပြီး အလုပ်ရမည့်နေ့ကို စောင့်ဆိုင်းနေလေသည်။
အလုပ်မရချင် ကြား ချစ်သူ မိချော ထံ မှ ပိုက်ဆံ ချေးကာ ဝမ်းရေးအတွက် ဖြေရှင်းနေရလေသည်။ တစ်ယောက် လစာကို နှစ်ယောက်သုံးနေရသဖြင့် လောက်ငှတယ် လည်း မဆိုသာ။ နှစ်ပတ် တစ်ခါ တစ်လ တစ်ခါ တော့ ရွှေတိဂုံ ဘုရား ၊ ပြည်သူရင်ပြင် ၊ကန်တော်ကြီးတို့ လည်ပတ်ကြပါသည်။
ကိုနေ အလုပ်ရပြီး ၆လ လောက် အကြာတွင် မိချောသည် အလုပ် ထွန်ဇဖာ ဖြင့် စင်္ကာပူ ရုံးချုပ်သို့ ရာထူးတိုးဖြင့် ပြောင်းရွေ့သွားပါသည်။ နှစ်ယောက်သား ပြေပြေလည်လည် အချိန်ရောက်မှ ကြည်ကြည် နှုးနှုးနေရန် စိတ်ကူးထားသော်လည်းစိတ်ကူး ဖြင့် လက်တွေ့သည် တစ်ထပ်တည်း မကျခဲ့ပါ ။ တိုးတက်ရာ တိုးတက်ကြောင်းသည်လည်းကောင်း ၊ ထိုက်သင့်သော လစာကြောင့်သည်လည်းကောင်း
အလွမ်းဒဏ်ကို ဆထက်ထပ်ပိုး ခံ ရန် လွှဲပြီး အခြားနည်းလမ်း မရှိပါ။
တစ်နှစ်လောက်ပဲ ရန်ကုန်မှာ အတူ ဖြတ်သန်းပြီးချိန် မိချော နှင့် ထွေထွေ ထူးထူး ညှိနိုင်စရာ မလိုပဲ တစ်ယောက် သဘောထားကို တစ်ယောက် အပြည့်အဝ နားလည်ကြပါသည်။ စင်္ကာပူ နှင့် မြန်မာသည် တစ်နှစ်တစ်ခေါက် ပြန်လာသော်လည်း ရည်းစားသက်တမ်း (၄) နှစ်အကျော် တွင် ဘဝ နှစ်ခု ပေါင်းပြီး တစ်အိုးတစ်အိမ် ထူထောင်ရန် တိုင်ပင်ထားပါသည်။ မိချော စင်္ကာပူ မှ မပြန်လာခင်ကတည်းက မင်္ဂလာဆောင်တွက် ဆောင်ရွက်ဖွယ် ကိစ္စများကို မြန်မာပြည်မှ ပြီးစီးလုနီးပါး ဆောင်ရွက်ထားပါသည်
လောလောဆယ် ခေတ်စားနေသာ Pre-Wedding ကိုလည်း နာမည်ကျော်နေရာများ တွင် မရိုက်ပဲ မိမိတို့ နယ် ရှိ အထင်ကရ နေရာများတွင် အမှတ်တရ အဖြစ် ရိုက်ကူးဖို့ တိုင်ပင်ထားပါသည်။ Pre-Wedding Photo ကို ဖြူပြာ ယူနီဖောင်း ဝတ်စုံ ဖြင့် ကျောင်းသား ကျောင်းသူ ဘဝ ဖြတ်သန်းခဲ့သော အမိတက္ကသိုလ် နည်းပညာ ကျောင်း ၊ မိုးညုင်း ဘုရား နှင့် အောင်သာ ကန်တို့ မှာ သွားရိုက်ဖို့ ကြိုပြောထားပါသည်။
မိချော ပြန်လာမည့် ရက်သည် တစ်ဖြည်းဖြည်း နီးလာပါြပီ။ မောင် ............ မိချော မနက်ဖြန် ဖလိုက် နဲ့ မြန်မာပြည် အပြီး ပြန်ခဲ့တော့မယ်နော်။
မျှော်လိုက်ရတာ မိချောရယ်။ ကျောင်းပြီး ချိန်မှ ရည်းစားဖြစ် ရ ၊ လက်ထဲ ပိုက်ဆံ မရှိချိန် ချစ်သူ ဘဝ ဖြင့် ရန်ကုန်မြို့ပြကြီး မှာ အန်တုရ ၊ အလုပ်ကလေးရတော့ ချစ်သူက စင်္ကာပူသွား၊ ခုတော့ အတိုးချပြီးပျော်ရွှင်လို့ ရပြီပေါ့။
တရုတ်ပြည်မှ စတင်ဖြစ်ပွားသော ကိုဗစ်ကြောင့် စင်္ကာပူ အပါအဝင် နိုင်ငံတော်တော်များများ ဆိုက်ရောက်ဗီဆာ ပိတ်ကုန်ပြီလို့ သတင်းတွေ့လိုက်ရတယ်၊ မြန်မာပြည်တော့ မဆိုးဝါးလောက်သေးပါဘူးဟုသာ ....
မောင် .......... မိချော မြန်မာပြည်ရောက်ပြီနော်။ "မောင် .........မိချော တို့ လေယာဉ်ပေါ်မှာ Covid-19 သံသယရှိ လူနာတစ်ယောက်ပါလို့ လေယာဉ်တစ်စီးလုံး ကွာရန်တင်း ဝင်ရမယ်တဲ့"
အစစ အရာရာ အဆင်ပြေမယ်ထင်ပါတယ်။
"အဆင်ပြေသွားမှာပါ မိချော" "စိတ်မပူ နဲ့ လိုအပ်တာတွေ ဝယ်ပြီး မောင် ချက်ချင်း လာပေးလှည့်မယ်"
ကိုဗစ် မြန်မာပြည်ကို လာတော့မယ်ဆိုတာတော့ အားလုံးသိပါတယ် ။ လာမယ့် လာတော့လည်း ပြုန်းခနဲပဲ ။ နိုင်ငံတော်ဖက်ကလည်း အတတ်နိုင်ဆုံး ပြင်ဆင်ထားပြီး ဘုန်းတော်ကြီးကျောင်းများမှလည်း ကွာရန်တင်း စင်တာများကို ဝိုင်းဝန်း ဆောင်ရွက်ကြပါသည်။ သတင်း မီဒီယာများ မှ တဆင့် အွန်လိုင်း မှ တဆင့် ဆောင်ရန် ရှောင်ရန် များ ကို အားချင်း ဆောင်ရွက်နေပါသည်။
"Swab " ယူသွားပြီ မောင် ၊ မနက်ဖြန် တော့ အဖြေ သိရမယ် ။ ဘုရား . ဘုရား.....နက်ကစ်တစ် ဖြစ်ပါစေ
"လူနာအမှတ်စဉ်(***)အသက်(၂၈) နှစ် (မ) - ခရီသွားရာဇဝင် (ရှိ) - ထိတွေ့မူ (မရှိ) " ညဦးပိုင်းက Ministry of Health and Sports, Myanmar မှ ထုတ်ပြန်သော Facebook Page တွင် ဖတ်လိုက်ရသည်။ နောက်ဆက်တွဲ မှတ်ချက်အရ "လူနာသည် နှလုံးအားနည်းရောဂါအခံရှိ" ။
"မောင်.. ချော မနေရတော့ဘူး ထင်တယ်"
"မဟုတ်တာ နေပြန်ကောင်းလာမှာပါ။ အများကြီး မစဉ်းစားပါနဲ့ ။ သက်သောင့်သက်သာ နေပါ "
"မိချော ဆေးရုံက ဆင်းတာ နဲ့ မောင်တို့ အမြန်ဆုံး လက်ထပ်ကြမယ်လေ"
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၂၀ ဇွန်လ ၄ ရက် ။
Comments
Post a Comment