ထွက်သက် နဲ့ စ တဲ့ မိုင်ရှည်ခရီး မှာ
မိမိကိုယ်တိုင်ပဲ
မောင်းချင်ချင် မမောင်းချင်ချင်
ရပ်တန့်လို့ မရတာကတော့
အချိန်ရထားပါ။
ဥသြဆွဲ လို့ လန့်နိုးခဲ့တယ်။
အသက် သုံးဆယ်ဆိုတဲ့
ဘူတာကို ငါရောက်နေတယ်။
လာခဲ့တဲ့ လမ်းကို ကြည့်တယ်။
ရပ်နေတဲ့ ဘူတာကို ကြည့်တယ်။
ဟိုး သွားရမယ့် ခရီးလမ်းကို ကြည့်တယ်။
၂၈ ဘူတာ မှာ ခရီးသည် မိန်းမငယ်တစ်ယောက်
သူလည်း ကျွန်တော်ကို ကြည့်နေသလို
ကျွန်တော်လည်း သူ့ကို ကြည့်နေတယ်။
သူမသည် ကျွန်တော့ နံရိုးတစ်ချောင်း။
စထွက်ခဲ့တဲ့ ဘူတာရုံကြီးကို သတိရတယ်။
ဖြတ်သန်းခဲ့တဲ့ ကြား ဘူတာတွေ သတိရတယ်။
၃၁ ဘူတာ ကို မျှော်လင့်နေတယ်။ဘာတွေ ထူးခြားလာမလဲ?
ရာသီ သုံးခု ဖြတ်သန်းပြီးတဲ့ နောက် နွေ၊မိုး၊ဆောင်း
တစ်ရာသီ နှစ်ပတ်လည်ပြီးနောက် နောက်တစ်ရာသီ
ဒီဆောင်းမကုန်ခင် ငါတို့ ထမင်းထုတ်လေးဖြည်စားကြတာပေါ့
နောက် ဘူတာ ကို ခရီးဆက်ရင်း အချိန်တွေလည်း
လည်ပတ်နေတဲ့ သံသရာ ခရီးသွားတွေအကြောင်း
ရယ်ရယ်မောမော အတင်းတုပ်ကြတာပေါ့။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၉ ဇန်နဝါရီလ ၁၈ ရက်။
Comments
Post a Comment