ဆရာဟူသည် သက္ကတစကား ''အာစာရ'' မှ ဆင်းသက် လာသည်ဟု တစ်နည်း
ဆရာဟူသည် ''အာစရိယ'' ဟူသော ပါဠိဘာသာမှ ဆင်းသက်လာ သည်ဟု တစ်နည်း
ဆရာဟူသည် ''ဆာယာ''ဟူသော ပါဠိစကားမှ ဆင်းသက် လာသည်ဟု တစ်နည်း
ဆရာဟူသည် = ''ဆ'' ဟူသည် ချိန်ချိန်ဆဆ နှိုင်းနှိုင်းဆဆပြုတတ်သူ
''ရာ'' ဟူသည် အရာခပ်သိမ်းအရာအားလုံး...။
ထို့ကြောင့် ''ဆရာ..ဟူသည် အရာခပ်သိမ်း အရာအားလုံး ချင့်ချင့်ချိန်ချိန် နှိုင်းနှိုင်းဆဆ ပြုမူလုပ်ကိုင်တတ်သူ'' ဟူ၍ တစ်နည်း အမျိုးမျိုးအဖုံဖုံ ဖွင့်ဆိုကြပါသည်။
ဆရာများတွင် သင်ဆရာ(မုတာစရိယ)၊ မြင်ဆရာ(ဒိဋ္ဌာစရိယ)၊ ကြား ဆရာ(သုတာစရိယ) ဟူ၍ ဆရာသုံးမျိုးရှိကြောင်း သိမြင်မှတ်သားရသည်။ လောကနိယာမ တွင် အကောင်းအဆိုး အကြောင်းအကျိုး ဒွန်တွဲ နေပြန်ပါသည်။ အလင်း အမှောင် ၊ အဖြူ အမည်း ၊ အချို အခါး ၊ အချစ် အမုန်း အစသဖြင့် ဆန့်ကျင်ဖက် အရာများ အတူယှဉ်တွဲနေလျက် ရှိကြပါသည်။ ဆရာကောင်းဖြင့် တွေ့ဆုံ ပညာဆည်းပူးးပြီး ဘဝကောင်းဖြင့် နေထိုင်သွားနိုင်ကြသူများ ရှိကြသလို တစ်ဖက်တွင်လည် ဆရာဆိုး များဖြင့် တွေ့ပြီး ဘဝပျက်သွားသူများလည်း ရှိနေပေလိမ့်မည်။ သို့သော် အင်မတန် ရှားပါးပေလိမ့်မည်။
''အာစရိယ ဂုဏော အနန္တော'' ဟူသော ဂုဏ်ကို ရည်မှန်းပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှိသော အနယ်နယ် အရပ်ရပ်တွင် နှစ်စဉ်နှစ်တိုင်း အာစရိယပူဇော်ပွဲများကို မြို့အလိုက် နယ်အလိုက် တက္ကသိုလ် အလိုက် အသီးသီး နှစ်စဉ်ကျင်းပလျှက် ရှိကြကိုတွေ့မြင်နေရပါသည်။ အင်တာနက် facebook ပေါ်တွင် အလှူငွေ များ ထည့်ဝင်ကြ ၊ တက်ရောက်ရန် နှိုးဆော်ကြ ဖြင့် အင်မတန် ဂုဏ်ယူဝမ်းသာရမည့် လုပ်ဆောင်ချက် ဖြစ်ပါသည်။ ထိုကဲ့သို့ ဝမ်းသာ ဂုဏ်ယူစရာ အချက်အလက်များကို အင်တာနက် facebook မှာ တွေ့ရှိသလို အခြားတစ်ဖက်တွင်လည်း အလားတူ ဂုဏ်ယူစရာ အချက်မှာ ကျောင်းဆရာ တစ်ဦး နှင့် မျိုးဆက်သစ်လူငယ် ကျောင်းသား ကျောင်းသူ ၂၈ ဦး တစ်ရက်တာ လေ့လာရေး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးကြောင်း ဝမ်းသာ ဂုဏ်ယူစွာတင်ထားသည့် facebook Post ကို မမျှော်လင့်ပဲ တွေ့ရှိရပါသည်။
ထိုမှ တဆင့် ဆက်လက် ရှာဖွေကြည့်ရာ စတင်ထွက်ရှိရာ ခရီးစဉ် စမှတ်သည် ရေဦးမြို့နယ် ဇိန်ဇွန်း ဖြစ်ပြီး ကျောင်းသားကျောင်းသူလေးများ သွားနေသော ခရီးတို တစ်ရက်တာ ခရီးသည် ရေဦးမြို့နယ် ဇဝရွာ (အိုးလုပ်ငန်းလေ့လာရန်) ၊ ဝက်ဖိုး နှင့် မြင်းပေါက် ကြားတွင် ရှိသော မယ်နုအုဌ်ကျောင်း နှင့် ဖလံဂုဏ်တွင်ရှိသော နန်းမတော် မယ်နု ဇာတိ ကို လေ့လာရေးခရီးစဉ် ဖြစ်ပါသည်။ ထိုခရီးစဉ်တွင် Grade-6 တန်း ကျောင်းသားကျောင်းသူ ၂၄ ယောက် ၊ Group Leader ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် Grade-7 တန်းကျောင်းသား ၄ ယောက် ၊ ဦးဆောင် ကျောင်းဆရာ ၁ ဦး ၊ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် မော်တော်ယာဉ် ဖြင့် မိဘ ၂ ဦး မှ ပူးပေါင်းပါဝင် ကူညီမှု ဖြင့် ရေဦးမြို့သို့ နံနက် ရး၄၅ မိနစ်တွင် ရောက်ရှိကြောင်း ၊ ထိုမှ တဆင့် ဇဝရွာသို့ ဆက်လက် ခရီးဆက်ခဲ့ကြသည် status တစ်ခုပြီး တစ်ခု ဆက်တိုက် ဆိုသလို တွေ့ရပါသည်။ ဇဝရွာတွင် အိုးလုပ်ငန်း လုပ်ကိုင်ပုံအဆင့်ဆင့် ကို လေ့လာကြပြီး နန်းမတော် မယ်နု အုဌ်ကျောင်းဆီသို့ ဆက်လက် ခရီးဆက်ခဲ့ပုံကိုတွေ့ရပါသည်။ မယ်နုအုဌ်ကျောင်း တွင် အမှိုက်ကောက်ခြင်း ၊ ပတ်ဝန်းကျင်တစ်လျှောက်လေ့လာခြင်း ကိုပြုလုပ်နေကြပါသည်။ ပြီးနောက် ထမင်းစားချိန်တွင် ဆရာ သည် Live လွှင့်နေပါသည် ထို Live မှ တဆင့် ကြားနေရသော အသံများသည် အင်မတန် ကြည်နှုးရပါသည်။ တူညီသော အချက် မှာ ကျောင်းသား ကျောင်းသူ အားလုံးနီးပါး ဖက်ထုတ်ထမင်းများဖြင့် ပကာသန မဖက်သော သန့်ရှင်းသောစင်ကြယ်သော အပြောအဆို ၊ ညီညွတ်ခြင်း ချစ်ခြင်းမေတ္တာ တရား၊လက်ရေတစ်ပြင်တည်း စားသောက်ခြင်း ၊ စည်းလုံးခြင်း ၊ ပျော်ရွှင်ခြင်း ရသ များကို ခံစားရစေပါသည်။ ဆရာသည် ကလေးငယ်တစ်ဦး တစ်ယောက်ခြင်း ဆီ ထံ မှ ထမင်းတစ်လုပ် ဟင်းတစ်လုတ်ကို လိုက်လံ စားနေခဲ့ပါသည်။ ထိုအထဲ မှ “ဟာ ဆရာက ငါတို့ထမင်းတကယ် စားတယ်ဟာ့” ကျောင်းသားလေးတစ်ဦး အသံကိုကြားမိပါသည်။ ထိုကျောင်းသားလေးအသံသည် အံ့သြခြင်း ကြည်နှုးခြင်းဖြင့် သာ ။ စာရေးသူ စဉ်းစားမိသည်မှာ ဆရာ သည် ထမင်းထုတ် တမင် မယူခဲ့ခြင်းမှာ ကျောင်းသား ကျောင်းသူများဖြင့် လက်ရေ တစ်ပြင်တည်း စားမည် ဟု တွေးတောထားခြင်းဖြစ်ကြောင်း မှတ်ချက်ပြုလိုပါသည်။ ကျောင်းသားကျောင်းသူတို့ စိတ်ထဲတွင် ဆရာ ဆရာမ တစ်ဦးဦးက မိမိမုန့် သော်လည်းကောင်း ထမင်းဟင်းသော်လည်းကောင်း ဟင်းမကောင်းသော်လည်း လာရောက်စားပါက ပြောမပြတတ်အောင်ဝမ်းသားကြောင်း ခံစားမိသည်ကို ဆရာသည် ထိုအချက်ဖြင့် ကျောင်းသားကျောင်းသူများTeamWork ဖွဲ့စည်းခြင်း မိမိအတန်းသားများ ကို လေ့လာလိုခြင်း ဖြစ်ပေလိမ့်မည်။ TeamWork ပိုမိုအားကောင်းစေရန် ၊ မိမိတပည့်များ စိတ်နေစိတ်ထား ၊ ပူးပေါင်းပါဝင်လိုမှု ၊သွက်လက်မှု အစဖြင့် တို့ကို ဆက်လက်လေ့လာရန်အတွက် ပါဆယ်ဂိမ်း ကစားနေကြသည်ကိုလည်း တွေ့ရပါသည်။ ဆရာ Facebook Timeline တွင် နောက်ဆုံး Post သည် ရေဦးမြို့အဝင်ကစားကွင်းတွင် ကျောင်းသားကျောင်းသူများ ဝင်ရောက်ကစားခြင်း ၊ခေတ္တ ခဏ အပန်းဖြေကာ ရေဦးမြို့ဇိန်ဇွန်း သို့ ညနေ (၅း၃၀) အချိန်တွင် ပြန်လည် ရောက်ရှိကြောင်း ပျော်ရွှင် ဂုဏ်ယူစွာ တင်ထားသည်ကို တွေ့ရပါသည်။
ဆရာသည် သိပ္ပံဘာသာ နှင့် ကာယ တာဝန်ယူသင်ကြားရသော ဆရာ တစ်ယောက်ဖြစ်ပါသည်။ သိပ္ပံဘာသာသင်ကြားသည့်အချိန်တွင်လည်း လုပ်တွေ့လုပ်ငန်းလုပ်ဆောင်ခြင်းကို အားပေးသလို လက်တွေ့လုပ်ငန်း လုပ်လို့ရသလောက် လုပ်ဆောင်ပြသခြင်း၊အလှူရှင်များ ကောင်းမှုဖြင့် ဇိန်ဇွန်းကျောင်းမှ ကျောင်းသူ ကျောင်းသားလေးများသည် သိပ္ပံလက်တွေ့လုပ်ဆောင်ရသည်ကို Facebook မှ တဆင့် သိရပါသည်။ ဆရာသည် သိပ္ပံဘာသာရပ် တစ်ခုတည်း ကျောင်းသားကျောင်းသူများအပါ်တွင် ဂရုစိုက်ရုံမက အားကစားဖက်တွင်လည်း ထူးချွန်ပြောင်မြောက်အောင်လေ့ကျင့်သင်ကြားပေးကာ မြို့နယ်အဆင့် ထိ ပို့ဆောင်ပေးခဲ့ပါသည်။ ကျောင်းတွင်း ဆောင်ရွက်မှုတွင်လည်း အသင်းလေးသင်းခွဲကာ စိုက်ပျိုးရေးခြံများ စိုက်ပျိုးပြီး ၊ ရရှိလာသော ရလဒ်များကို ကျောင်းကောင်စီ မှ စီစစ်အကဲဖြတ် အမှတ်ပေးနေပုံများကိုလည်းတွေ့ရပါသည်။ စာသင်ကျောင်းသန့်ရှင်းသပ်ရပ်မှု၊ စိမ်းလန်းစိုပြေမှုတို့ကြောင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မြို့နယ်အဆင့် သန့်ရှင်းသာယာလှပသောကျောင်း ဆုကို လက်ခံရရှိခဲ့ပါသည်။ သိပ္ပံ၊အားကစား၊ကာယ၊စိုက်ပျိုးရေးများ အပြင် ကျောင်းသားကျောင်းသူများ စာဖတ်စွမ်းရည်၊ပုံပြောစွမ်းရည် ၊စကားပြောစွမ်းရည်များ မြင့်မားလာအောင် ဆရာ ကိုယ်တိုင် Third Story ပုံပြောသူ အဖွဲ့သို့ ပူးပေါင်းပါဝင်ပြီး ကျောင်းသူ ကျောင်းသားများကို ပြန်လည် လေ့ကျင့် သင်ကြားပေးနသည်ကို တွေ့ရပါသည်။ အဖက်ဖက်က ကြိုးစားနေသာ ဆရာအတွက် အလှူရှင်များ ပူးပေါင်ပါဝင် ကူညီကြသလို ရပ်မိရပ်ဖများ ၊လုပ်ဖော်ကိုင်ဖက် ဝန်းထမ်းကောင်းများ မှလည်း ယုံကြည် အားကိုမည် မှာ မလွဲပါဘူး။ တစ်ရက်တာ ခရီးစဉ် စတင် စီစဉ်ခြင်း ရည်ရွယ်ချက် မှာ ကျောင်းသား ကျောင်းသူ များ ကာယချိန်များတွင် လေ့ကျင့်ထားသော သက်လုံကို ယုံကြည်ခြင်းသည် တစ်ကြောင်း ၊ ခရီးစဉ်တွင် ပူးးပေါင်းပါဝင်စေလိုခြင်း ၊ကျောင်းသား ကျောင်းသူများ မိမိတို့ ကိုယ်တိုင် ယုံကြည်မှု ရှိစေခြင်း၊တစ်ယောက် နှင့် တစ်ယောက် နားလည်မှု ပိုမိုရရှိစေခြင်း ၊ စည်းလုံးစေခြင်း၊ မျှဝေစေလိုခြင်း အစသဖြင့် ကောင်းကျိုးများအပြင် ဒီဇင်ဘာကျောင်းပိတ်ရက် ခရီးသွားခြင်း စာစီစာကုံး ပြိုင်ပွဲ စီစဉ်လိုခြင်းသည်လည်း ရည်ရွက်ချက် တစ်ခု အဖြစ်ပါဝင်ခဲ့ပါသည်။ ထိုတစ်ရက်တာ ခရီးစဉ်မစတင်ကတည်းက ထမင်းချိုင့်တွေ (အစား) ဖက်ဖြင့် ထမင်းထုပ်လုပ်ကြရန် ၊ ရေဗူး နှစ်ယောက် တစ်တွဲ သုံးယောက်တစ်တွဲ သင့်တော်သလို ပူးပေါင်းထည့်ရန် ၊ စက်ဘီးစီးတတ်သူ မစီးတတ်သူ တွဲရန်၊ စက်ဘီစီးသူများ လိုက်နာရန် လမ်းစည်းကမ်း ၊မီးပွိုင့် မည်သို့ ကူးရမည်၊ ဦးဆောင်သူ Group Leader အမိန့်(သို့)အော်ဒါ ကို ခရာ အသံတို ၊အသံရှည်ဖြင့် သတ်မှတ်ချက်များကို လိုက်နာရန် အစသဖြင့် လိုအပ်သည်များကို ကျောင်းအတန်နားချိန်တွင် လိုက်ပါမည့် ကျောင်းသားကျောင်းသူများကို ကြိုတင် ဆွေးနွေးခိုင်းထားသည်ဟု သိရပါသည်။ တကယ့် ကောင်းမွန်တဲ့ Pre Short Trip တစ်ခု ဖြစ်စေခဲ့ပါသည်။ ကျောင်းသားကျောင်းသူများ ကျန်းမာရေး နှင့် မမျှော်လင့်သော ကိစ္စရပ်များအတွက် BackupPlan အနေဖြင့် မိဘ နှစ်ဦး မှ မော်တော် ဆိုင်ကယ်ယာဉ်ဖြင့် ကြီးကြပ် လိုက်ပါစေခဲ့ပါသည်။
ထိုခရီးစဉ် ပြန်ရောက်ပြီးနောက် ကျောင်းသားကျောင်းသူ တစ်ဦးချင်းဆီ မိဘထံပြန်လည် အပ်နှံပြီးနောက် ဆရာသည် ဂုဏ်ယူဝမ်းသာကြောင်း Post တစ်ခု Facebook တင်လိုက်ပါသည်။ ထိုခရီးစဉ်တွင် လိုက်ပါသွားသော ကျောင်းသား ကျောင်းသူတစ်ယောက် သည် အနည်းဆုံး ခရီးတစ်ခု ဖြစ်ပါစေ အလုပ်တစ်ခု ဖြစ်ပါစေ ၊
နံပါတ်(၁) ကြိုတင်ပြီး ဆောင်ရန် ရှောင်ရန် လိုအပ်သည်များကို စဉ်းစားပေးရန် အလေ့အကျင့်ရစေခြင်း၊
နံပါတ်(၂)ကျန်းမာဖို့ ကြံ့ခိုင် စေခြင်း။
နံပါတ်(၃)ခရီးစဉ်တစ်ယောက် မိမိတစ်ယောက်တည်း ခွဲမထွက်ရ ။ ပူးပေါင်းတတ်ခြင်၊ ညှာတာတတ်ခြင်း
နံပါတ်(၄)ခရီးစဉ်တစ်ယောက် Group Leader ၏ စည်းကမ်းကို အတိအကျ လိုက်နာတတ်ခြင်း။
နံပါတ်(၅)သင်ရိုးညွန်းတမ်းအသစ်တွင်ပါဝင်သော အိုးအကြောင်းလက်တွေ့သိရှိခြင်း၊ သိလိုသည်များကို မေးမြန်းခွင့် ရရှိခြင်း
နံပါတ်(၆)နန်းမတော် မယ်နု အုတ်ကျောင်းတွင် ဘာကြောင့် အမှိုက်ရှိနေတာလဲ လာမသိမ်းကြဘူးလားလို့ မေးသော ကျောင်းသား မှ တဆင့် မိမိတို့ အမှိုက် မိမိတို့ ပြန်လည် သိမ်းထုတ် စနစ်တကျ စွန့်ပစ်ကြခြင်း၊ ယခင် ရှိနေသာ အမှိုက်များကို ကောက်ယူကြခြင်း၊(စည်းကမ်းမဲ့ အမှိုက်မပစ်ခြင်းဖြင့် ဂုဏ်ယူသင့်ကြောင်း ဆရာမှ ဆုံးမ)
နံပါတ်(၇) ရေအိုးစဉ်မှ ရေသောက်သည် ဖြစ်စေ ၊ ရေခဲချောင်းသည် မှ ဝယ်သည်ဖြစ်စေ စနစ်တကျ တန်းစီသင့်ကြောင်း ဆရာ မှ အကြံပြု ဆိုဆုံးမခြင်း
နံပါတ်(၈)ပျော်ပွဲစားသဘောမျိုးဖြစ်ခြင်းကြောင့် ကျောင်းသားကျောင်းသူများ ထမင်းလက်ဆုံစားချိန်တွင် မျှဝေစားသုံးခြင်း၊စည်းလုံးခြင်း၊စာနာခြင်း အစသဖြင့် ကောင်းကျိုးများ ရရှိစေခြင်း
နံပါတ်(၉)အခက်အခဲ အတားအဆီး မဖြစ်ပဲ တစ်ရက်တာ ခရီးစဉ်တွင်း ပူးပေါင်းကြတဲ့ ကျောင်းသားကျောင်းသူများ မိမိကိုယ်ကိုယ် ဂုဏ်ယူကြပြီး ကျောင်းပိတ်ရက်တွင် ခရိးသွားခြင်း ခေါင်းစဉ်ဖြင့် ကျက်ပြီး မဖြေပဲ မိမိကိုယ်တိုင်သွားခဲ့ရသော အတွေ့အကြုံကိုပြန်လည် ရေးသားနိုင်ခြင်း၊
အစသဖြင့် ကောင်းကျိုးများကို ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများ လက်တွေ့ကျကျ စကားလုံးပေါင်းများစွာ ပြောဆိုဆုံးမ ရန် မလိုပဲ လိုအပ်သော ဆောင်ရန် ရှောင်ရန် လိုက်နာရန်များကို တစ်ရက်တာ ခရီးစဉ်အတွင်းတွင် သလဲသီးများသဖွယ် အကန့်လိုက် အကန့်လိုက် သင်ကြားပြောဆို ဆုံးမ သွားသော ဆရာ တစ်ယောက်။
ဆရာဟူသည် ခေါင်းဆောင်ပင်ဖြစ်သည်။ ဆရာကောင်း၊ ခေါင်းဆောင်ကောင်းတို့ မည်သည် မြန်မာတွင်ဖြစ်စေ ကမ္ဘာတွင်ဖြစ်စေ မိမိ၏နောက်လိုက် လက်အောက်ငယ်သားများကို အနာဂါတ် ခေါင်းဆောင်ကောင်းငယ်လေးများ ဖြစ်လာနိုင်အောင် စိတ်ပိုင်းဆိုင်ရာ အသိပညာရပ်များနှင့် ရုပ်ပိုင်းဆိုင်ရာ အသိပညာရပ်များကို ဆရာစားချန်မထားပဲ ကုန်စင်အောင်သင်ကြား လမ်းညွန်ပေးကြပါသည်။
သူလို ဆရာကောင်း ခေါင်းဆောင်ကောင်း များတို့သည် မိမိ၏တပည့်သား နောက်လိုက်ငယ်များကို ပိုမိုကောင်းမွန်သော အမူအကျင့် များကို လိုက်နာစေခြင်း၊ ကြိုတင်သွန်သင်ဆုံးမပေးခြင်း၊ အကျင့်ကောင်းများကို ပြန်လည်ရရှိအောင် အပြစ်ညွန်ပြ သွန်သင်ဆုံးမခြင်း အစသဖြင့် လူမှုဘဝတွင်နေစဉ် ကြုံတွေ နေရသော ဆောင်ရန် ရှောင်ရန်များကို လက်တွေ့ဆန်ဆန် တစ်သတ်တာ မှတ်တမ်းကို ပေးအပ်လိုက်ပါသည်။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၉ ဒီဇင်ဘာလ ၂၄ ရက်
Comments
Post a Comment