မိတ်ဆွေ အပေါင်းအသင်း ကောင်းများ ရခဲ့သလို ၊ ဒီ POS စက်လေးတွေ နဲ့ ပတ်သတ် ပြီး စိတ်ညစ်ခဲ့ရတာတွေ ၊ အလုပ်အတွေ့အကြုံတွေ ကို ပြန်လည် သတိရသွားတယ် ။
POS နဲ့ ပတ်သတ် ပြီး အလုပ် လုပ်ခဲ့တာ ၆ နှစ် ကျော်ရှိခဲ့ပါပြီ ။ ပထမ အလုပ် လူတိုင်း သတိရကြမယ် ထင်ပါတယ် ။ ဘယ်လို အင်တာဗျူး ဖြေခဲ့ တာ ဘယ်လို ကြောင့် လုပ်ဖြစ်ခဲ့တာ ဘယ်လို ကြောင့် မလုပ်ဖြစ်ခဲ့တာ အစ သဖြင့် ပေါ့ ။ ဘဝ မှာ မှတ်မှတ်ရရ အလုပ်ခန့်မယ်လို့ ပြောပြီး လစာ ညှိကြတဲ့အချိန် မှာ အဆင်မပြေဖြစ်ခဲ့တာပါ ။ ဆိပ်ကမ်းသာ လမ်းထဲ က Computer ဆိုင် တစ်ခု မှာပါ ၊
ဘဝ မှာ ငြင်းခံ ရလို့ ကျေးဇူးတင်သင့်တဲ့ အထဲ မှာ အဲဆိုင်ပိုင်ရှင် အစ်မလည်း ပါပါတယ် ။ ဆိုင်နာမည် တော့ မမှတ်မိတော့ပါဘူး ။
ကျောင်းပြီး လစာ လေး ဒီလောက် တောင်းတာ မရတော့ မလုပ်ဘူး ကွာ ဘာဖြစ်လဲ ဆိုပြီး ဆွေးမျိုးသားချင်း တစ်ယောက်ဆီ က ပိုက်ဆံ ချေးပြီး သင်တန်း တက်ဖြစ်ခဲ့တယ် ။ ရည်ရွယ်ချက်ကတော့ IMCEITS တက်ရင် စာမလိုက်နိုင်မှာ စိုးလို့ ။ ဝင်ခွင့်ဖြေကြည့်လိုက်တယ် အောင်ရင် တက်မယ်ပေါ့ ။ အောင်လာတယ် ၊ ရည်ရွယ်ချက် က မုံရွာမြို့က သူငယ်ချင်းထံ ပိုက်ဆံချေးပြီး ကျောင်းတက်မယ်ပေါ့ ၊ သိပ်မကြာဘူး မိန်းမ ရသွားတော့ ချေးထားတဲ့ ပိုက်ဆံ ပြန်ပေးဖြစ်ခဲ့တယ် ။ အိမ် နဲ့ ပြန် ညှိတယ် ။
ကျောင်းပြီးပြီးခြင်း IMCEITS ကျောင်းတက်ချင်ပါတယ် ၊ ကျွန်တော် ကို ငွေ ဆယ်သိန်း ပေးပါ ဆိုပြီး မိဘ ထံ တောင်းခဲ့ဖူးတယ် ၊ နည်းပညာတက္ကသိုလ် ကျောင်းသက် ရှည်တာရော တောသူ တောင်သားများ ဖြစ်တာကြောင့် ငွေကြေး အဆင်မပြေပဲ ငါးသိန်းပဲ ယူပြီး ကျောင်းတက်ခဲ့ရတယ် ၊ ရန်ကုန် ကျောင်းတက်နေစဉ် ကာလ မှာ ဘတ်စ်ကားခ ၅၀ တန် ကိုပဲ သေသေချာချာချာ စောင့် စီးခဲ့ရတယ် ။ ၄၈ ၊ ၁၂၄ ၊ ၁၅၇ မလိုက်ရဲဘူး ။ ကိုယ့်ဘော်ဒါ်တွေက လိုင်းနံပါတ် ၁၇၄၊၄၅၊၅၀ မဟာမိတ်တွေ ဖြစ်လို့ ။ ကျောင်းက ပါရမီ လမ်းပေါ်မှာ ရှိတော့ လှည်းတန်း ထိ တစ်ဆင့်သွား လှည်းတန်းကနေ ပြည်လမ်းဖက်ထွက် အေဒီ အထိစီး သက်သောင့်သက်သာ အသွားအပြန် ဘတ်စ်ကားခ ၅၀၀ မတတ်နိုင်ခဲ့ဘူး ။
ဘာတာ ၁၃ ရပ်ကွက် မှ ပါရမီလမ်းပေါ် IMCEITS သို့ အသွား ၄၅ မိနစ် အပြန် ၄၅ မိနစ် (၆) လ တိတိ ခြေလျင် ကျောင်းတက်ခဲ့တယ် ။ ကျောင်းတက်နေစဉ် ကာလတွေ မှာ ထမင်းချိုင့် ကျန် မနေရစ်ရဲဘူး ဖိုးရွှေလ ထမင်းတစ်နပ် ဟာ ခေါင်ခိုက်နေခဲ့တယ် (ကိုယ်မတတ်နိုင်တဲ့အကြောင်းပါ) ။ ထို အချိန်က ဆရာကြီး တစ်ယောက် နှင့် အတူ ကျောင်းတက်ခွင့်ရခဲ့တယ် မုံရွာ နည်းပညာ တက္ကသိုလ် မှာလည်း ဌာနမှူး အဖြစ်ကြုံခဲ့ဖူးတယ် ။ ဆရာ က အိမ်ထောင် ကျခါစ ဆရာ့ကတော် စပါရှယ် ချက်ပြီး ထည့်ပေးလိုက်တာ ကျွန်တော်တို့ ကပ်ပြီး ဝါးတီးဆွဲခဲ့တယ် ။
IMCEITS တက်နေစဉ် အတွင်း မှာ ရခဲ့တာတွေကတော့ အများကြီးပါပဲ ။ ရှက်ကြော ပြတ်ခဲ့ခြင်းပါ ။ Roll No. 54 အမြဲတမ်း စာမေးပွဲ ကျပါတယ် ။ ၇ ဘာသာ ရှိတဲ့ အထဲ ၁ ဘာသာပဲ လွတ်လွတ်ကျွတ်ကျွတ် အောင်ခဲ့တာပါ ဒါတောင် ဆရာမ pass ပေးလိုက်တာလား မသိ ။ Mid -Term မှာ ၅ ဘာသာ ရှိတာ ၃ ဘာသာ အောင်ပြီး ၂ ဘာသာ ကျခဲ့တယ် ။ Final မှာ ၃ ဘာသာ ရှိတာ ရှေ့က နှစ်ဘာသာ နှင့် ပြန်ပေါင်းေဖြေတာ ၃ ဘာသာ အောင်ပြီး ကျပြီးသား နှစ်ဘာသာ ကျတာနဲ့ IMCEITS မှာ Project လုပ်ခွင့် မရှိတော့ တဲ့ ကျောင်းသားတစ်ယောက် အနေဖြင့် ဘယ်သူ မှ နင်မထုတ်ပဲ တိတ်တိတ်လေး ထွက်ခဲ့ရပါတယ် ။
ကျွန်တော် ညံ့ဖျင်းမူတွေပါ ။ ကျောင်းနောက်ဆုံး ရက် မှာ ဆရာမ ထံ ဖုန်းဆက်ပြီး ရင်ဖွင့်ခဲ့တယ် "ငါ့သား ဒီစာမေးပွဲ ဟာ မင်းဘဝ မဟုတ်ဘူး မင်းမှာ ကြိုးစားပိုင်ခွင့်ရှိတယ် ဒီကျောင်းထွက်ရတာ နဲ့ မင်းဘဝ သေသွားတာ မှ မဟုတ်တာ" ကျေးဇူးတင်ပါတယ် ဆရာမ ။ ယနေ့ အချိန်ထိ ထို ဆရာမ ဖြင့် အဆက်အသွယ် မရတော့ပါ ။
ကျောင်းက ထွက်လိုက်ရတဲ့အချိန် မှာ အကြွေး ၈ သိန်း နီးပါး ဆပ်ရန် ရှိနေပါသည် ။
အပိုင်း (၂) ဆက်ရန်
IMCEITS ကျောင်း Grade ကောင်းကောင်းဖြင့် ကျောင်းပြီးဖို့ နေနေသာသာ ကျောင်းသား ဖြစ်ကြောင်း ထောက်ခံစာလေးဖြင့် အလုပ်လိုက်လျောက်ရပါတယ် ။ အလုပ်စလျောက်တော့ ရန်ကုန် ကို ကျွမ်းကျွမ်းကျင်ကျင် သွားတတ် လာတတ်အောင် အရင် ကြိုးစားရပါတယ် ။ အဖေ့ ကို ရင်ဖွင့် ဖြစ်သော ဟာ မင်းတို့ ရန်ကုန် အဲသလောက် တောင် ကျယ်တာလား ကွာ တဲ့ ၊ အလုပ်ရဖို့ နေနေသာသာ ခေါ်တဲ့ အလုပ်ဆီ ကို လျောက်လွှာတင်နိုင်ရင် အကောင်ပဲ အဖေ ။
တိုက်ဆိုင်ခြင်းလား ကံကောင်းခြင်းလား မသိ ၊ ပထမ အလုပ် ရခဲ့ပါတယ် ။ သူများတွေ နဲ့ ဒီနေရာ မှ မတူတဲ့ တစ်ချက် က အလုပ်ရ လို့ နှစ်ဆ ပျော်တယ် ၊ ဘာလို့လဲဆိုတော့ အလုပ်ရ မှ သာဝတ္ထိက လူငယ့်အားမာန်စာကြည့်တိုက် ကို ပြန်လည် ဆောင်ရွက်ခွင့် ရမှာ လို့ သဘောတူထားလို့ပါ ။ ဘာလို့ ကန့်သတ်ခံရတာလဲဆိုရင် ၂၀၁၂ စာပေဟောပြောပွဲ လုပ်တဲ့အခါ လာရောက် ဟောပြောမည့် စာရေး ဆရာ နှစ်ယောက် အစား ကဗျာ ဆရာ နှစ်ယောက် ပိုလို့ အုပ်ချုပ်ရေးမှူး က နောက်ရက် မြို့နယ် သွားရမယ့် လာခဲ့ ဆိုတာ ဖြေရှင်းရင်း(ပြဿနာတွေ တက်ခဲ့) ဒီကောင်လေး အလုပ်မရှိ အကိုင်မရှိမို့ စာကြည့်တိုက်လုပ်တာပါကွာဆိုတဲ့ စကားကြောင့် အိမ်ဖြင့် သဘောတူထားခြင်းပါ ။ ပထမ အလုပ်ရချိန် အဖေသည် ဘယ်လောက်ပျော်နေသည် မသိ ။
ပထမ အလုပ်မှာ အလုပ်ခွင် လုပ်ဖော်ကိုင်ဖက်များသည် အင်မတန် နှစ်လိုဖွယ် ကောင်းကြပါသည် ။ တော်တော်များများ ယနေ့အချိန်ထိ သတိတရ ဆက်သွယ်မြဲ တွေ့ဖြစ်ကြဆဲပါ ။ စီနီယာ အစ်ကို တစ်ယောက်ဆီ မှ အတွေ့အကြုံများ ရခဲ့သလို လက်တွဲခေါ်မူကြောင့် အများကြီးအတွေ့အကြုံ ရလို ကျေနပ် ပျော်ရွှင်ခဲ့ရပါတယ် ။ တစ်ခု တိုက်ဆိုင်တာက နည်းပညာတက္ကသိုလ် မှ ကျွန်တော့ ဆရာမ နှင့် သူငယ်ချင်းတွေ ဖြစ်နေတာပါ ။ ပိုမိုရင်းနှီးဖြစ်ခဲ့ကြပါတယ် ။ ထို အလုပ် မှာ probation သုံးလ ပဲ လုပ်ဖြစ်ခဲ့ပါတယ် ။ အမှတ်တရ အဖြစ်ဆုံးကတော့ Demo သုံးဖို့ ပေးလိုက်တဲ့ Customer ထံ Computer ပုံးပြန်ယူခိုင်းခြင်းပါ ။ခန့်မှန်း ၂ နာရီလောက် ကတည်းက ထွက်လာပြီး လက်ထဲ မှာ ဖုန်းတစ်လုံး ရယ် ပိုက်ဆံ ၅၀၀၀ ထောင်ရယ် စာရွက် တစ်ခု ရယ် ။ အသွားအပြန် ငှားထားတဲ့ Taxi သမား မဂ်လာဈေးလား အဝင်ပေါက် မှာ ထားခဲ့ပြီး ဈေးထဲ သွားရင်း သွားရင်း မျက်စိလည်လာတယ် ။ ရုံးကို ဖုန်းဆက်မေးကြည် လိပ်စာ စုံစမ်းကြည့်တော့ ရုံးကို နာမည် ပေးထားတာက ဈေးထဲ က အစ်မ ၊ တကယ်သုံးနေတာက ဈေးအပြင်က ညီမ ကွန်ပျူတာ ပုံးကိုတော့ ရအောင် ယူနိုင်ခဲ့တယ် ။ ပထမ ငှားထားတဲ့ Taxi သမားဆီ ပြန်မသွားတတ်တော့ဘူး ။ ယနေ့အချိန်အထိ အကြွေးတင်နေတယ်လို့ ခံစားမိတိုင်း စိတ်မကောင်းဖြစ်မိဆဲပါ ။
ရုံးက စီနီယာက ပြန်တော့မှာ ဖြစ်လို့ မြန်မြန်လာခဲ့ ရတဲ့ Taxi ငှားပြီး ပြန်ခဲ့ဖို့ ပြောတယ် ကျွန်တော်က အသွားအပြန် ငှားထားတဲ့ Taxi သမား ကို ပြန်ရှာချင်တယ် နောက်ဆုံး မလွန်ဆန်နိုင်ပဲ ပြန်ခဲ့ရတယ် ။
လကုန်တော့ အလုပ်က ထွက်ခဲ့လိုက်တယ် ။ နောက်အလုပ် မသေချာပဲ ထွက်ခဲ့မိတာ မှားခဲ့တယ် ။
တိုက်ဆိုင်တယ် ပြောမလား ကံကောင်းတယ် ပြောမလား မန်းလေး အလုပ်ပြီး လို့ ရန်ကုန်ကို ကိုယ်ပိုင် ကန်ထရိုက် လုပ်ဖို့ တက်လာတဲ့ စီနီယာ အစ်ကိုများ ထံ သွားရောက်နေဖြစ်ခဲ့တယ် ။ လစာ မရပေမယ့်
နေစရာ စားစရာ ဝတ်စရာ မပူပင်ရပဲ စိတ်ကြိုက်ရတဲ့ အလုပ် ရမှ လုပ်ဖို့ တိုက်တွန်းခဲ့တယ် ။ အလုပ်မရပဲ ၇ လ နီးနီး တိုက်ခန်း အောင်းခဲ့တယ် ရလဒ်ကတော့ စိတ်ဓာတ်တွေ အတုံးအရုံးကျနေခဲ့တယ် ။
တိုက်ခန်းခ ပေးစရာ မလို ။ စားသောက်ဖို့ ပေးစရာမလို ။ လိုရင် သုံးနိုင်ရန်အတွက်လည်း ပိုက်ဆံ ချေးခဲ့သေးတယ် ။ ဘဝ မှာ မိတ်ဆွေ အပေါင်းအသင်းကောင်းရှိခြင်းဟာ လောကီရေးရာ မှာတင် မဟုတ်ဘဲ
လောကုတ္တအထိ အကျိုးပေးပါတယ် ။
ဒုတိယအလုပ် မရခင် စပ်ကြား Japan Company တစ်ခု အလုပ်လျှောက်ဖြစ်ခဲ့တယ် ။ အယောက် ၈၀ နီးပါး လျှောက်တာ ၄၀ နီးပါးရွေးတဲ့အထဲ ပါလာတယ် ။ ၄၀ ယောက်ထဲ မှ ၈ ယောက် ပြန်ရွေးပါတယ်
ထို ၈ယောက်ထဲ ပါလာတယ် ။ ၈ ယောက် အထဲ မှ ၅ ယောက် ရွေးမှာပါ ။ ကိုယ့်ကိုကိုယ်တော့ ထင်ထားတာ ငါတော့ သေချာပေါက် ပါမှာပဲပေါ့ ။ တက်တက်စင်အောင် လွဲခဲ့ပါတယ် ။ ထိုငါးယောက်ထဲတွက်
ကျွန်တော် မပါဝင်ခဲ့ပါ ။
မြို့ပြ အင်ယာ စီနီယာတစ်ယောက် ပြောပြခဲ့တဲ့ ပုံပြင်လေးပါ ။ ထို စီနီယာ သူငယ်ချင်းဟာ တိုင်းရင်းသားတစ်ယောက်ပါ ၊ အဲတိုင်းရင်းသား အဖေက ဗမာစစ်သားများ နှင့် တိုင်းရင်းသားများ စစ်မတိုက်တော့တဲ့ တစ်နေ့ သူ့ဆံပင် ညှပ်မယ်ဟေ့ လို့ ကြွေးကြော်ခဲ့သတဲ့ ။ သတိရလို့ မေးကြည့် ဟေ့ သူငယ်ချင်း မင်းအဖေ အခုချိန်ဆို ဆံပင် တော်တော် ရှည်နေမှာပေါ့ ။ ဘယ်ကမှာ စိတ်ပျက်လို့ ကတုံး တုံးသွားလေရဲ့တဲ့ ။
ထိုအရာဖြင့် ဆက်စပ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဓာတ်ကျပြီး အလုပ်မရ မချင်း ဆံပင် မညှပ်ပဲ ထားပစ်ခဲ့တယ် ။
ဘယ်အထိ အလုပ်မရ မလဲ ဆိုတာတော့ မပြောတတ်ဘူး ။ အကြွေးတွေ မဆပ်နိုင်သေးပါ ။
POS တွေ နဲ့ ရေစက် အပိုင်း(၃) (မိသားစုပြီးရင် လုပ်ငန်းခွင် သူငယ်ချင်းများဟာ ဒုတိယမိသားစုဝင်တွေပါ)
******************************
ပထမ အလုပ်တုန်းက တူတူ ဝင်ခဲ့တဲ့ IMCEITS ကျောင်းဆင်း သူငယ်ချင်းလည်း ပထမ အလုပ်ကို ထွက်ပြီး နောက်ထပ် IT Company မှာ လုပ်နေပါတယ် ။ လကုန်ရက် မုန့်စားကြရင်း သူလုပ်တဲ့ Company ကို အလုပ်လျှောက်လို့ တိုက်တွန်းတယ် ။ ပထမအကြိမ် တုန်းက မခေါ်တာ ဖြစ်လို့ ထပ်မလျှောက်ချင်ကြောင်း ငြင်းတယ် ၊ သူ ကို အလုပ် Form ပေးလိုက်ဖို့ ပြောမယ့် အဲလိုကျတော့လည်း အားနာတာကြောင့် ကိုယ်တိုင် လာတင်ပါ့မယ်ဆိုပြီး ဒုတိယအကြိမ် ထို IT Company ကို ပြန်လျှောက်ဖြစ်ခဲ့တယ် ။
အင်တာဗျူး ရင်း တွေ့ခဲ့တာ သိပြီးသား မိတ်ဆွေ ၅ ယောက်လောက် ရှိပါတယ် ။ တစ်ချို့က လည်း ကျောင်းတက်ရင်း သိတာ တစ်ချို့ကလည်း သူငယ်ချင်း ရဲ့ သူငယ်ချင်း ဖြစ်နေတာ အစသဖြင့် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ သိခြင်း ဖြင့် ကြိုသိ ကြိုခင်မင်ပြီးသားတွေပါ ၊ ကျန်တဲ့ သူငယ်ချင်း တော်တော် များများ အလုပ်ဝင်ကြပြီဖြစ်ကြောင်း သိရပါတယ် ။ သူတို့ အလုပ်ဝင်ပြီး တစ်ပတ် အကြာမှ ကိုယ့်လည်း အလုပ်ဝင်ခဲ့ပါတယ်။ Department ချင်းတော့ မတူကြပါဘူး ။ ကျန်တဲ့ အချိန်တွေဆိုရင်တော့ တပူးပူး တတွဲတွဲပါပဲ ။
ဒုတိယအလုပ် စဝင်ပါပြီ ။ ဝင်ဝင်ချင်းနေ့မှာပဲ ဘေးနား က တရုတ်မလေး နဲ့ ထမင်းချိုင့် မှားခဲ့တာ မှတ်မှတ်ရရပါ ၊ နောင် သူ့ကြောင့် မိသားစု ဝင်နီးပါး ခင်လာရတဲ့သူငယ်ချင်းတွေ ဖြစ်လာခဲ့ရတယ် ။
လုပ်ရတဲ့ အပိုင်းတွေက ATM Card ရိုက်တဲ့ Software (Embossing) တွေ ကို Bank တွေ ကို Installation လုပ်ပေးရတယ် အသုံးပြနေဆဲ Bank တွေကို Service ပေးရတယ် ။ ဒါက တစ်ပိုင်း ။
နောက်ပိုင်းက လာပါပြီ နောက်ပိုင်း မင်းသားကြီး POS ပိုင်း ၊ POS ပိုင်းကလည်း ထူးထူးခြားခြား ရေးရတဲ့ အပိုင်း မရှိပါဘူး ၊ ရှိပြီးသား Software တွေကိုပဲ Implement ထပ်လုပ် Release လုပ် ။
Version ထုတ် ၊ Testing လုပ် ။ POS UAT server နှင့် Bank A Server ,Bank B Server အစဖြင့် လုပ်ငန်းပိုင်းတွေ ကြုံတွေ့ရပါတယ် ။ အတွေ့အကြုံတွေ အင်မတန် ရတဲ့ကာလ လို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ် ။
ပိုပြီး မှတ်မှတ်ရရ ဖြစ်တာက POS UAT server များဟာ UPS မရှိပါဘူး ။ မီးပြတ်ရင် Auto Shutdown ဒါကြောင့် UPS ဝင်သင့်တဲ့အကြောင်း ပြောဖူးပါတယ် ။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး ။ ဖြစ်လာခဲ့တာကတော့ မီးပြတ်တိုင်း Auto Shutdown ဖြစ်တာကြောင့် UAT server မှ HardDisk ဟာ ကြွ(ပျက်စီး) သွားပါတယ် ။ သိပ်မကြာခင် နေပြည်တော် Bank တစ်ခု Service ပေးစရာ ရှိတာကြောင့် ရုံးပိတ်ရက်မှာ HardDisk အသုံးတစ်လုံးဝယ်ပြီး UAT server ကို အသစ်ပြန် Installation လုပ်ပါတယ် ။ Redhat အကြောင်း နကန်း တစ်လုံးမှ မသိပဲ Document လေး ဖတ်ပြီး စမ်းလုပ်ကြည့်ခဲ့လိုက်တာ ဘာပဲဖြစ်ဖြစ် အဆင်ပြေစွာ သုံးလို့ ခဲ့ပါတယ် ။
အလုပ် လက်မဲ့ ဖြစ်ခဲ့သည် မှ ၇ လ နီးပါး ရှိတာလည်း တစ်ကြောင်း ၊ တက္ကသိုလ် ကျောင်းသက်ရှည်ခြင်း သည် တစ်ကြောင်း ၊ တက္ကသိုလ်တက်နေစဉ် လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့တာကြောင့် နောက်ကျနေရတာတွေ အများကြီးပါ ၊ ဒါကြောင့် ဘာနေနေ သည်းခံ မယ် အတွေ့အကြုံ ပဲ ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားသလို နေလည်း နေခဲ့ပါတယ် ၊ ကြိုးစားလို့ ရသလောက်တော့ ကြိုးစားပါတယ် ၊ ပင်ကိုယ်ဗီဇ ညံ့တာလည်း ပါပါလိမ့်မယ် ၊ တစ်ချို့ ဆက်ဆံရေးဟာ သည်းခံနေတိုင်း ကောင်းခဲ့တာ မဟုတ်ဘူးဆိုတာ နားလည်လာတယ် ၊ ဒါပေမယ့်လည်း နေမြဲ နှုတ်ဆိတ်မြဲအတိုင်း နေလာခဲ့တယ် ရင်ဘတ်ထဲမှာတော့ မွန်းကြပ်မူအပြည်နဲ့ပေါ့ ။
ဒုတိယအလုပ် လုပ်နေချိန်မှာတော့ အကြွေးတွေ ကျေလုနီးပါ ရှိနေပါပြီ ။ ပညာရေးကောလိပ်တက်နေတဲ့ ညီမလေး ကိုလည်း မဖြစ်စလောက်တော့ ထောက်ပံ့နိုင်ခဲ့ပါြပီ ။ ဘဝ ဟာ တစ်သတ်မှတ်တည်း ရှိမှာ မဟုတ်ဘူး ဆိုတာ ကြိုစဉ်းစားထားပါတယ် ၊ ဘယ်အရာ မှ မတည်မြဲပါဘူး ကိုယ်ကို စွန့်လွတ်ခံရတာ ဖြစ်နိုင်သလို ကိုယ်ကစွန့်လွတ်တာလဲ ဖြစ်နိုင်ပါတယ် ။ နောက်ဆုံး ကိုယ်ပိုင်တယ်ထင်တဲ့ ကိုယ်ခန္ဓာကိုယ်တောင် တစ်ချိန် စွန့်လွတ်ရဦးမှာပဲ ဆိုတာ ကြိုစဉ်စားမိလာတယ် ၊ ဒါကြောင့် ဒုတိယအလုပ်ကနေ ကြိုငွေ ထုတ်ပြီး သင်တန်းတက်ဖို့ ပြင်ဆင်ထားတယ် ၊။
၂၀၁၅ ကာလတွေ ဖြတ်သန်းခဲ့တဲ့ ကာလတွေ မှာ အဲလောက် မြန်မာနိုင်ငံတွေ အနေဖြင့် အဲလောက်ရေမကြီးစဖူး ။ အားလုံး အသိပါပဲ ဘယ်လောက် ရေကြီးတယ်ဆိုတာ ၊ ဒါနဲ့ စီနီယာ ကျောင်းသားကျောင်းသူဟောင်း များ နှင့် ပေါင်းပြီး ရေဘေး အကူအညီ ပေးဖို့ စတင် ပြင်ဆင်လာခဲ့ပါတယ် ။ မုံရွာနည်းပညာ မိသားစု (ရန်ကုန်) အနေဖြင့် အင်တိုက် အားတိုက်စည်းစည်းလုံးလုံး ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့တာ အမှတ်တရ တစ်ခုပါပဲ ။ ပရဟိတ ခရီးစဉ် ထဲ က အတွေ့အကြုံများကတော့ မေးပါများ စကားရ သွားပါများ ခရီးရောက် ပရဟိတ လုပ်ပါများ စိတ်မထားတတ်ပါက အကုသိုလ်ရ ။ ရောက်ရောက်ချင်းပါပဲ
ကြိုတင် ချိပ်ထားတဲ့ နယ်ခံ အစ်ကို က အရေးပေါ် နေပြည်တော် အစည်းအဝေးသွားတော့ ကြိုတင်ပြင်ဆင်လာတော့ အိမ်ထောင်စု (၂၅၀) စာ ဘယ်လို မှ အဆင်မပြေ ၊ သူတို့ နယ်ခံ ရွာများ ကတိကဝတ်သည်
ဒီရွာ ကားဝင်ရင် ဒီရွာ နှင့် ပတ်သတ်သော လက်အောက်ခံ ရွာများ ဝေစု ခွဲပေးရမည် ၊ ကြိုတင်ပြင်ဆင်ထားခြင်းသည် ထိုရွာ အိမ်ခြေ (၂၅၀) စာ နှင့် ရေတက်နေဆဲ ရွာ အတွက် စုစုပေါင်း (၂)ရွာစာပဲ ပြင်လာမိတော့တယ် ။
စီနီယာခေါင်းဆောင်များလည်း ခေါင်းခဲလာတော့တယ် ၊ အဆင်ပြေသလို ညပိုင်း ခွဲဝေ ပေးရင် ရွာသား တစ်ချို့လဲ ဝိုင်းကူညီပေးကြတယ် ။ တောစီး ဖိနပ်တွေကို အရေအတွက် အလိုက်ခွဲဝေ ပေးချိန် မှာ ဘယ်သူမှ မမြင်အောင် အမှောင်ထဲ မှာ တိတ်တိတ်လေး တစ်ရံ ပိုထည့်လိုက်ပါတယ် ။ ထိုည ကတည်း က အဲရွာသား လုပ်ရပ်ကို မြင်လိုက်ရပါတယ် ။ စိတ်မထားတတ်ပါက အကုသိုလ်ရနိုင်ပါတယ် ။ ဒီလိုဖြင့် မနက်ခင် တစ်ဦးတစ်ယောက်ချင်း ဆီ ဝေငှချိန်မှာ မနေ့က တိတ်တိတ်လေး ထည့်လိုက်တဲ့ လည်ရှည်တောစီးဖိနပ်တစ်ရံ ပိုနေခဲ့ပါတယ် ။ ဒါကြောင့် အုပ်ချုပ်ရေးမှူးဟာ သူခဏ သိမ်းထားမယ်ဆိုတဲ့ အကြောင်း ပြောလာတယ် ၊ ထိုမှ တစ်ချို့ရွာသားမျာဟာ ကျွန်တော် နဲ့ သိတယ် ကျွန်တော်ပေးပေးမယ် ၊ တစ်ချို့ ရွာသားတွေက ကျွန်တော် မရသေးတာ ဖြစ်လို့ ကျွန်တော် ပေးသင့်ကြောင့် အစသဖြင့် ၊
ကျွန်တော်တို့ အဖွဲ့ စိတ်ကူးမှာ နေပြည်တော် အရေးပေါ် အစည်းအဝေးသွားနေသော နယ်ခံ အစ်ကိုသည် တောင်သူလုပ်သည်ဟု သိထားသောကြောင့် သူ့ကို ပေးလိုစေချင်ခဲ့ပါသည် ။
ပျော်ရွင်မှုများစွာ ပင်ပန်းမှုများစွာ စိုးရိမ်မှုများစွာဖြင့် ရန်ကုန်ကို ပြန်လာခဲ့ပါသည် ၊ ထိုခရီးစဉ်တွင် သွားရောက်နိုင်ရန်အတွက် မေတ္တာဖြင့် ကူညီပေးသော ဘောက်ထရက် နှစ်စီး ပိုင်ရှင် နှင့် ယာဉ်မောင်းများကို သတိတရ ကျေးဇူတင်ပါတယ် ၊ သဘော်ချ ကားများ ဖြစ်သဖြင့် မစစ်ဆေးနိုင်ပဲ အဆင်ပြေသလို မောင်းခဲ့ကြသည်မှာ ကံကြီးတယ်ဆိုမလား ၁၁၅ မိုင်ရောက် မှ ကားနက် တစ်ချို့ ကို တစ်ခြား ကားဆီမှာ ဂွငှားပြီး ကြပ်ခဲ့ ထပ်မံ စစ်ဆေးခဲ့ရသည် ၊ မည်သူ အမှား လိုအပ်ချက် မှ မဟုတ်ပဲ အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
တနဂ်နွေ မနက်ခင်း မှ ပဲ ရန်ကုန်မြို့ကို ပြန်ရောက်ခဲ့ပါတယ် ၊ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ ပဲ သင်တန်း စဖွင့်တဲ့ နေ့ ဖြစ်ပါတယ် ။ သင်တန်း တက်ဖို့ သိမ်းထားတဲ့ နေရာ မှ ပိုက်ဆံ ထုတ်ကြည့်တော့ Company မှာ ကြိုထုတ်ထားတဲ့ငွေဟာ အခိုးခံရကြောင်း သိရပါတယ် ။
တစ်ဖန် ဒုက္ခများ ဖြင့် ကျွန်တော် ၊ လကုန် ဖြစ်လို့ ညီမလေး ဆီ ပိုက်ဆံ မပို့ပေးနိုင်ကြောင်းဖုန်းဆက်တေ
အပိုင်း(၄) ဆက်ရန်
POS တွေ နဲ့ ရေစက် အပိုင်း(၄)
ဘဝ မှာ ကြီးကြီးမားမား ပိုက်ဆံ ပျောက်ခဲ့ဖူးတာ ပထမဆုံးအကြိမ်ပါ ။ အရေးတကြီး သင်တန်းသွားရတော့မယ်အချိန် သိလိုက်ရတဲ့ ပျောက်ဆုံးမူက ဒိုင်းခနဲပဲ ဆောက်တည်ရာ မရခဲ့ပါဘူး ။ ဥစ္စာပျောက် ငရဲကြီးမဖြစ်အောင် အတတ်နိုင်ဆုံး ဆင်ခြင်ပါတယ် ။ ဘာပဲ ဖြစ်ဖြစ်သင်တန်းတော့ တက်ဖြစ်အောင်ကြိုးစားတက်မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ သင်တန်းဆရာ ကို နောက်ရက်မှ ပေးနိုင်မည်ဖြစ်ကြောင်း အကျိုးအကြောင်းရှင်းပြရင်း အဆင်ပြေသွားပါတယ် ။
မပြေသည်မှ လစားထဲ က ချေးထားလို့ ဖြတ်သည် က တစ်မျိုး သင်တန်းကြေးကို နောက်တစ်နေရာက ထပ်ချေးလို့ ဆပ်ရသည်က တစ်မျိုး နှစ်မျိုးထိပါလေတော့သည် ၊ စိတ်ညစ်စရာ အဖြစ်အပျက်တွေကထဲက ဆွဲခေါ် တွဲခေါ်လာတာကတော့ သူငယ်ချင်း များ ဖြစ်ပါတယ် ။ ဒုတိယအလုပ် ရှေ့နောက် သိပ်မကြာပဲ ဝင်ကြတဲ့ သူငယ်ချင်း စုစုပေါင်း ၁၅ ယောက် ကျော်ဟာ မိသားစု ဝင်များသဖွယ် ဖြစ်လာပါတယ် ။
တစ်ယောက်ချင်း ဆီ မွေးနေ့ တိုင်း မှာ အတူတကွ ရှိကြီး တစ်ယောက်အခက်အခဲ တစ်ယောက် အဆင်မပြေမူများ ကို စုပေါင်း ဖြေရှင်းပေးခဲ့ကြပါတယ် ။ အထူးသဖြင့် ကျွန်တော် အခက်အခဲ က ပို များမယ်ထင်ပါတယ် ။
ထမင်းချိုင့် မှားခဲ့တဲ့ သူငယ်ချင်း တရုတ်မလေး မွေးနေ့ မှ စပြီး ကျွန်တော်သည် အထီးကျန်ခြင်း သိမ်ငယ်ခြင်း တစ်ယောက်ထဲ ခွဲ ထွက်မနေတော့ပဲ အားလုံး နှင့် တစ်ပူးတွဲတွဲ ရှိနေပါတယ် ။ အားလပ်ရက်တွေ မှာ ကစားကွင်း ပန်းခြံ ပဲခူး သို့ သူငယ်ချင်း တစ်ယောက်ခြံ တစ်ခု မဟုတ် တစ်ခု တိုင်ပင်ဆုံးကြပြီး ပိတ်ရက်တွေ မှာ ဆုံဖြစ်ခဲ့ကြပါတယ် ။ အမှတ်တရ ခရီးစဉ် အဖြစ် ရန်ကုန်-မုံရွာ-သာဝတ္ထိ-ရွှေဘို
အလုပ်ခွင်ကာလတွေမှာလဲ Ingenico Device (POS) များကို ကောင်းကောင်းအတွေ့အကြုံရှိနေပါ
ယောက်ျာလေးမို့ POS တွေသယ်ပေးမယ့် အလုပ်သမား မရှိလို့ အစသဖြင့် အကြောင့်ပြချက်များဖြင့် အလုံး(၁၀၀) ကို သုံးလွှာ အထိ ကိုယ့်ဖာသာ ထမ်းတင် လုပ်စရာရှိတာလုပ် အောက်ထပ်ပြန်ချ ။ ထပ်လုပ်စရာရှိသေးလို့ ထပ်တင် ထပ်ချ ဖြင့် ၃ ကြိမ် တိုင်တိုင် တင်လိုက်ချ လိုက်ဖြင့် သံသရာလည်နေပါတယ် ။ တစ်ကြိမ် ထမ်း မှ (POS - ၁၆) လုံးသာ ထမ်းတင်နိုင်ပါသည် ။ အမြင်မတော်သော လက်ဖော်ကိုင်ဖက် သူငယ်ချင်း တစ်ယောက် မှ ကူညီပြီး ဝိုင်းထမ်းပေးခဲ့ပါသည် ။
ထိုကာလများတွင် ၁၅ ယောက် ကျော် အဖွဲ့မှာ တစ်ဖြည်းဖြည်း တစ်ယောက်လျော့ နှစ်ယောက်လျော့ ဖြင့် ၁၀ ယောက်သာသာ ပဲ ကျန်နေပါတော့သည်။ တွေ့ဆုံကြုံကွဲဆိုတာ သိကြပါတယ် ။ တစ်ဖက်တွင် လကုန်ရက် စုပေါင်း မုန့်စားကြခြင်း ဖြင့် တွေ့ကြ တစ်ယောက် အလုပ်ထွက် လို့ မုန့်ကျွေး တစ်ယောက် အလုပ်ဝင် လို့ မုန့်ကျွေးဖြင့် မကြာခဏ ဆိုသလို တွေ့ဖြစ်နေမြဲပါ ။ ငြိမ်သက်ခြင်းဟာ တည်ငြိမ်အေးဆေးသော ကာလအပိုင်းအခြားရှိသလို တည်ငြိမ်ပြီးရင် လှုပ်ခတ်စမြဲ မို့ ကိုယ်တိုင်သည်လည်း အလုပ်ထွက်ဖို့ ဖြစ်လာပါတော့တယ် ။ ကြိုတင်ပြင်ဆင်ပြီး အလုပ်ထွက်တာ မဟုတ်တာကြောင့် သတ်မှတ်ချက် သုံးလ ကြိုတင်ပါသော်လည်း နောက်ဆုံးလသည် သင်္ကြန်ဖြစ်နေသောကြောင့် တစ်လ ကြိုထွက်ရန် အသိပေးလာပါတော့တယ် ။ ပေါက်တဲ့ နဖူး မထူးတော့ပါဘူးဆိုပြီး ဒုတိယမ္ပိ နောက်အလုပ် မရပဲ မိုက်မိုက်ကန်းကန်း ထွက်ဖြစ်လိုက်ပါတော့တယ် ။
အတွေ့အကြုံအရ မည်သည့် အနေအထားမဆို မိမိသည် အစွန့်လွတ်ခံခြင်းသည်သော်လည်းကေ
မုန်းလိုက်တဲ့ ကာလတွေ (POS) ဆိုသည့်အရာ (POS) ဆိုသည့် အသံများကို သိပ်ပြီး မကြားချင် ။ စိတ်ဓာတ်တွေသည် ပျက်ပြားနေပေတော့သည် ။ ဘယ်ဆီကို ဦးတည်ပြီး သွားရမှန်း မသိအချိန်ကာလတွေ ။ သိလားဆိုတော့ သိတယ် တကယ် သိလားဆိုတော့ သိပ်မသိချင် ။ အလုပ်က လုပ်ရသလားဆိုတော့ လုပ်ရတယ် ဘာလုပ်ရသလဲဆိုတော့ Service လိုလို Maintaince လိုလို ကိုယ်တိုင်လည်း သိပ်ယုံကြည်မူမရှိ။ လျှောက်လှမ်းရမယ့် လမ်းခရီးသည် ဟိုးအဝေးကြီးမှာ။ ဘယ်ဆီဝယ် ဘယ်ဆီသို့ ဦးတည်ပြီး လျှောက်လှမ်းရမှန်း မသိ အချိန်ကာလ တစ်ခုဆီသို့ ။
ပထမ အလုပ်သည် အွန်လိုင်းမှ တစ်ဆင့် လျှောက်ပြီး အလုပ်ရခြင်းဖြစ်ပါသည် ။ ဒုတိယအလုပ်သည် သူငယ်ချင်း မိတ်ဆွေ မှ တဆင့် တိုက်တွန်းရင်း လျှောက်ဖြစ်ခဲ့သည် ၊။ မိုက်မိုက်ကန်းကန်း ထွက်ဖြစ်လိုက် လိုက်သည့် ရလဒ်များသည် ကျွန်တော် ဘဝကို မည်သို့ သက်ရောက်မည် ဆိုတာ ...........
အပိုင်း(၅) ဆီသို့
POS တွေ နဲ့ ရေစက် အပိုင်း(၅)
ဘယ်ဆီဝယ် ဘယ်ဆီသို့ ဦးတည်ပြီး လျှောက်လှမ်းရမှန်း မသိ အချိန်ကာလ တစ်ခုဆီသို့ မျှော်မှန်းရင်း ကောင်းကောင်း အနားယူရန် နှင့် စိတ်ပိုင်းဆိုင်ရာများ ပြန်လည် ပြုပြင်ရန် ပြင်ဆင်နေပါသည်။ သိပ်မကြာခင် ကာလတွင် သင်္ကြန်ကာလ ရောက်တော့မည် ။ အလုပ်ထွက်ထားဖြစ်တာကြောင့် မိမိ မွေးရပ်မြေတွင် အေးအေးနေပြီး မှ ရန်ကုန် ပြန်လည်မည် ဟု စိတ်ပိုင်းဖြတ်ထားပါသည် ။ တစ်ဖက်တွင်လည်းအလုပ်အတွက် ကြိုတိုင်ပြင်ဆင်ထားရင် အွန်လိုင်း မှ အလုပ်များကို ရှာဖွေပြီး လျောက်ဖြစ်ခဲ့ပါသည် ။ အလုပ်ထွက်ပြီး တစ်ပတ် မပြည့်ခင်မှာ တတိယအလုပ်မှာ အင်တာဗျူး ခေါ်ပါသည် ။ အင်တာဗျူးပြီး လစာအနေအထားများ ညှိနိုင်ပြီး အလုပ်ဖက် မှ တစ်ပတ်အတွင်း ဆင်းစေလိုပါသည် ၊ မိမိမှ အနေဖြင့် ချက်ချင်း အလုပ်ဆင်းဖို့ အဆင်မပြေတာကြောင့် သင်္ကြန်ပြီးမှ သာ ဆင်းမည်ဖြစ်ကြောင်း ။
တတိယ အလုပ်တွင် POS ပိုင်း သီးသန့် ဖြစ်ခဲ့ပါပြီ ၊ ရှိပြီးသား Software Product ကို Handle လုပ်ရသလို အသစ် ထည့်လို သော Service များလည်း မြိုင်မြိုင်ဆိုင်ဆိုင် အနေအထားသို့ ရောက်နေပါတယ် ။ တစ်ဖက်တွင်လည်း လုပ််ဖော်ကိုင်ဖက် သည်လည်း ရှိပြီး Software Product အလုံးလိုက် ချိန်းဖို့ ပြင်နေပါတယ် ၊ အဟောင်းသည် TCP နှင့် သုံးပြီး အသစ်သည် SIM Type ဖြင့် သွားရန် ပြင်ဆင်နေပါသည်။ လုပ်ငန်းခွင် ပျော်ရွှင်မူ နှင့် လကုန် လက်ဖော်ကိုက်များ ဆုံတွေ့မူ က အလုပ်ခွင် မှာ များစွာ အထောက်အကူဖြစ်စေခဲ့ပါသည် ။ တစ်ဦး နှင့် တစ်ဦး တစ်ယောက် နှင့် တစ်ယောက် စာနာခြင်း ဖေးမ ခြင်းဖြင့် ပျော်ရွင်သော လုပ်ငန်းခွင်နေရာအဖြစ်သို့ ။
ကံ = အလုပ် ၊ အလုပ် ကောင်းကောလုပ်လျှင် ကံကောင်းမည် ၊ လူတစ်ယောက်တွင် ကံနှစ်မျိုး ရှိသည် ဟု မိမိ ဖတ်ဖူးခဲ့သည် ၊ အတိတ်ကံ လက်ရှိ ပစ္စုပ္ပုန် ကံ ။ နောက်ပြီး ထူးထူးဆန်းဆန်း လူ လူချင်း ဆုံတွေ့မှုကံ ၊ ပထမအကြိမ် တွေ့သော်လည်း ခင်မူ မိတ်ဆွေ မဖြစ်ပဲ နောက်တစ်ကြိမ် ပြန်တွေ့ပြီးမှ ခင်မင်ရသလို ခင်မင်ပြီးမှ မခေါ် မပြောဖြစ်ကြသလို ပြဿနာ မဖြစ်ပဲ အလိုလို မတွေ့ဖြစ်ကြတော့တဲ့ မိတ်ဆွေများလည်း ရှိကြပါလိမ့်မယ် ။ ဆုံတွေ့ဖို့ကံ ပါလာရင်လည်း ဘယ်လို မှ ရှောင်လွဲ လို့ မရသလို ကွဲကွာဖို့ ကံလာလျှင်လည်း ဘယ်မှ မတားဆီးနိုင်ပါဘူး ။ နောက်ပြီး နေရာဒေသ သို့ ရောက်ဖြစ်မည့်ကံ
ဒီအပိုင်ကတော့ ယုံကြည်မူပိုင်း နှင့် ဆိုင်တာကြောင့် တစ်ချို့လည်း လက်ခံ ချင်မှ လက်ခံကြမည် သို့သော် အငြင်းပွားဖို့ မဟုတ်ပါဘူး ၊ နေရာတစ်ခု ဥပမာ အလောင်းတော် ကဿပ ဘုရားဖူးခရီးစဉ်လိုမျိုး မလိုက်ချင်ရင် အကြောင်းတစ်ခု ဖြင့် ရိုးရှင်းစွာ ပြောလို့ရပါတယ် တစ်ချို့ သေတောင် မလိုက်ဘူး အစသဖြင့် တကယ်လည်း နောက်မရောက်ဖြစ်နိုင်တော့ဘူး ။ နောက်ပြီး အလောင်းတော် ကဿပ ဘုရားဖူးခရီးစဉ် သည် သက်ဆိုင်ရာ နန်းကို ကားဖြင့် ဦးတိုက်ရသလို စကားအပြောအဆို မကြမ်းတမ်းဖို့လည်း ယနေ့အချိန်ထိ တင်းတင်းကြပ်ကြပ် တားစီးဆဲပါ ။
ကျောင်သားဘဝ မိမိ တို့ နှင့် အခြား သူငယ်ချင်းတို့ အဖွဲ့သည် အချိန်သိပ်မကွာပဲ ရှေ့နောက် သွားကြပါသည် ။ မိမိတို့ သည် ခရီးစဉ်တစ်လျှောက် မည်သည့်အခက်အခဲ မှ မရှိပဲ သူငယ်ချင်းတို့ ကားသည် မုံရွာ အထွက်တွင် ကားတိုက်ပြီး ပြန်လှည့်လာရပါသည် ။ နေရာ ဒေသ တစ်ခု ကို မရောက်ဖြစ်သည့်ကံ ။ ဒုတိယအလုပ်တွင် Company သည် သုံးနှစ်တစ်ကြိမ် ငွေဆောင် ခရီးစဉ် ပို့ဆောင်ပေးခြင်း အစီအစဉ် ရှိပါသည် ။ ခရီးစဉ် သွားမည့် ရက် ပါဝင်မည့် လူအယောက်အရေအတွက် ထုတ်ပြီး မှ မိမိတို့သည် နှုတ်ထွက်စာ တင်ဖြစ်ခဲ့ပါသည် ။ နှုတ်ထွက်သောကြောင့် ယခင် ပါဝင်ပြီးသား နာမည်များသည် ပါမလာတော့ပဲ နောက်တစ်ကြိမ် ထပ်မံ Edit လုပ်ပြီး ထုတ်ပြန်ပါသည် ။ မည်သည့် လတွင် အလုပ်မထွက်လို့ စာချုပ်စာတမ်းတွင် မပါဝင်သလို အလုပ်ထွက်ပြီးနောက် မပြောလိုသော်လည်း လက်ရှိ ကျန်ကာလတွင် Company အကျိုးခံစားခွင့် ကို ကန့်သတ်လိုက်ခြင်းပင် ၊ မည်သို့ ပင်ဆိုစေကာမူ ထို ငွေဆောင်ခရီးစဉ် သို့ ရောက်ဖို့ ကံမပါခဲ့ပေ ။ (မည်သူ့ ကိုမျှ အပစ်မတင်ပဲ မရောက်ထိုသော မိမိကံသာလျှင်)
လကုန်ရက်များ နှင့် ပိတ်ရက်ထပ်သော Weekend များတွင် သူငယ်ချင်းများ နှင့် ခရီးထွက်ခြင်း အနုပညာသည် ထိန်းချုပ်မရတော့ ။ ထိုအထဲ မှ ငွေဆောင်ခရီးစဉ်လည်းပါဝင်ခဲ့ပါ
တတိယအလုပ်တွင် အလုပ်ထွက်မည် ကို တစ်ခါမှ မတွေးခဲ့မိပါ ၊ မန်နေဂျာသည်လည်း ကောင်း လုပ်ဖော် ကိုင်ဖက်များသည်လည်းကောင်း အိုင်တီ ဌာန တစ်ခု လုံးသည် တစ်ယောက် နှင့် တစ်ယောက် စောင်းချိပ်နေကြခြင်း မရှိသလို တစ်ယောက် ရာထူးတိုးခြင်း တစ်ယောက်လစာတိုးခြင်း အစဖြင့် ကိစ္စရပ်များ ကို Professionals ဆန်ဆန် နေထိုင်ပြမူကြပါသည် ။ အတူကကွ လုပ်ကိုင်ဆဲ ကာလများတွင်လည်းကောင်း မမျှော်လင့်ပဲ ဆုံတွေ့ခြင်းသည် လည်းကောင်း တမင်တကာ တွေ့ဖြစ်ကြခြင်းသည်လည်းကောင်း နှစ်လိုဖွယ် ဆက်ဆံရေး ရှိနေမြဲပါ ။ သို့သော်လည်း ထိုကာလများတွင် LinkIn မှ တဆင့် IngenicoCompany အကြောင်းကို စိတ်ဝင်စားစွာ စောင့်ကြည်နေခဲ့ပါသည် ၊ သို့သော်လည်း Ingenico သည် စင်္ကာပူနိုင်ငံတွင်သာ Company ရှိသည်ဟုပဲ သိထားလေသည် ။
ဒုတိယအလုပ်မှာ ခင်မင်ခဲ့သော မိတ်ဆွေ တစ်ယောက် recommandation ပေးခြင်း ကြောင့် အလုပ်တစ်ခု ကို အင်တာဗျူး ဖြေဖြစ်ခဲ့ပါသည် ၊ ခန့်မယ်လို့ ထင်မထားသလို Ingenico ရယ်လို့လည်း သိမထားမိပါ ။
ဘယ်လောက်ထိ ခရီးရှည်သွားရမှန်း မသိခြင်းသည် တစ်ကြောင်း မိမိသည် ဒုတိယအလုပ်တွင် ပျော်ရွှင်နေခြင်းသည် တစ်ကြောင်း ဝေခွဲရ ခက်ခြင်းဖြင့် အကယ်၍ အလုပ်ခန့် လိုက်ပါက မည်သို့ လုပ်ရမည်နည်း။
ဒုတိယအလုပ် လုပ်နေချိန် နယ်မှာရှိတဲ့ ဖခင် အစာအိမ် Operation လုပ်နေချိန်တွင် မိမိသည် မိမိဖခင် အသက်လိုချင်ပါက ၁၅ သိန်းပေးရမည် မပေးနိုင်ပါက သေရမည်ဆိုလျှင် ဘာမှ မနိုင်ကြောင်း စဉ်းစားမိရင် ကြေကွဲ ဆွံ့အ စွာ ငိုကြွေးခဲ့ဖူးပါသည် ။ ဖခင်သည် သူ့ ရှာဖွေထားသည့် ပိုက်ဆံ များ နှင့် အလုံအလောက် ဆေးကုနိုင်သော်လည်း မိမိသည် မိမိလစာဖြင့် မကူညီနိုင်ခဲ့ပါ ။
ငွေသည် ကျန်းမာခြင်းကို တိုက်ရိုက် ဆောင်ယူမလာသော်လည်း ကျန်းမာအောင် နေထိုင်ဖို့ ကူညီနိုင်သည် ၊ နေဝင်ချိန်မှာ တောက်ခေါက်သူ ညည်းတွားသူ ဖြစ်မှာ ကို လည်း ကြောက်မိသလို တစ်ဖက်တွင် ရှိပြီးသား လုပ်ဖော်ကိုင်ဖော်အသိုင်းအဝန်း
နောက်အလုပ်သည် ဘယ်လိုလဲ အဆင်ပြေမှာလား ဆိုတဲ့ အတွေးများဖြင့် ?
အပိုင်း (၆) ဆက်ရန်
POS နှင့် ရေစက် အပိုင်း (၆) (နောက်ဆုံးပိုင်း)
******************************
စတုတ္ထအလုပ် သို့ ရုံးစတက်ပါပြီ ။ အလုပ်စဝင်ပြီး ၃ လ ဝန်းကျင် အကြာတွင် Laos Project ဖြင့် စတင် မိတ်ဆက်ပြီး ထိုင်း လူမျိုး Technical Adviser တစ်ယောက် အောက်မှ စပြီး လုပ်ဖြစ်ပါသည် ။
(go back university ) လည်း ပါတာပေါ့
အလုပ် လုပ်ဖော် ကိုင်ဖက် များသည် လည်း စိတ်တူ ကိုယ်တူ ဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင် တစ်ခု ဖြစ်မည် ဆိုတာ သိပ်မကြာခင်ပဲ သိခဲ့ရပါသည် ။ လက်ရှိတာဝန်ထမ်းဆောင်နေသာ Company သည် ပြင်သစ် Payment Company တစ်ခု ဖြစ်ပါသည် ။ အစပိုင်းတွင် Singpore ရုံးခွဲ သဘောမျိုး ဖြင့် ဖွင့်ခွင့်ပေးထားပြီး နောက်ပိုင်းတွင် Myanmar သည် Indo-China Head အနေဖြင့် (Myanmar-Laos-Combodia) သုံးနိုင်ငံ ကိုယ်စားပြုအနေဖြင့် ဆောင်ရွက်ခွင့်ရနေပါသည် ။ စီနီယာများ၏ ဦးဆောင်မူ ဖြင့် ကောင်းမွန်သော အပြောင်းအလဲ အတွက် ကျေးဇူးတင်ခဲ့ရပါတယ်။
တကယ်တော့ ကျွန်တော်တို့ ဘဝ ကျွန်တော်တို့ မိသားစု သည် ရွှေဘို မြောက်ဖက် ခင်ဦး နယ် မှ ရွာလေး တစ်ရွာ မှာ ဖြစ်ပါတယ်။ ကျွန်တော် မိဘ နှစ်ပါးလုံး ကိုယ်တိုင်က တောသူ တောင်သား သားသမီးများ ပါ။ နှစ်ယောက်စလုံး သားဦး သမီးဦးတွေ ဖြစ်ကြပါတယ်။အကြီးဆုံး တွေ ဖြစ်ခြင်း နှင့်အညီ မိသားစု ၏ ကောင်းခြင်းထက် စီးပွားရေး ကိုသာ ဒိုးတူဘောင်ဖက် မိဘတွေ နှင့်အတူ ရုန်းကန်လာရပါတယ်။
အမေ သည် လေးတန်းအောင် တစ်ယောက်ဖြင့် ဂဏန်းတွက်ချက်တတ်ရုံဖြင့် ကျောင်းတော်ကနေ စွန့်ခွာ ခဲ့ရပါတယ်။ထို့အတူ ဖခင်သည်လည်း ရှစ်တန်း အထိသာ ကျောင်းနေခဲ့ရပါတယ်။ မိခင်သည် ငယ်စဉ်ကတည်းက ကောက်စိုက်ခြင်းအငှားလိုက်ခြင်း ပေါင်းကောက်ခြင်း မိုးခေါင်တောများတွင် လနှင့်ချီသော ပဲဆွတ်ခြင်း လိုက်ပြီး ဘဝအတွက် ရှင်သန်ခဲ့ရပါတယ်။
ဒီလိုဖြင့် မိခင် နှင့် ဖခင် ပေါင်းစည်း ပြီး အိမ်ထောင်စု တစ်ခု အနေဖြင့် ရပ်တည် လည်ပတ်ခဲ့ကြပါတယ်။ အိမ်ထောင်ကျပြီး အိမ်ထောင်ဦးတွင် အမှားများ နှင့် အတွေ့အကြုံ မကြွယ်ဝမှု တွေကို စီးပွာရေး မှာ အဟန့်အတား ဖြစ်စေပါတယ်။ ရစေထိုက် သည့် အခွင့်အရေးများကို မရခြင်းသည်လည်း အကုသိုလ်တစ်ခုပင်။ ရထိုက်သည့် အခြေအနေသည်လည်း သွေးဝေးသူဆီ မှ ရချင် ရပါသည်။ ဒါကြောင့် ခင်ရာ ဆွေမျိုး မြိန်ရာ ဟင်းကောင်းဟု ဆိုကြလေသလားပင်။ ဖခင်သည် အလုပ်ကို စနစ်တစ်ကျ လုပ်ကိုင်တတ်သည်။ ဝီရိယ ကောင်းသည်။ စကားပြော မာသည် သို့သော်လည်း စေနာကောင်းသည်။
အလုပ်လောဘကြီးသည်။ သူ့ကို အလုပ်လက်တွဲချင်သူ များသည်။ ငယ်စဉ် မှတ်မိသလောက် အဖေသည် လှည်းတိုက် လိုက်သူ တစ်ယောက်ဖြစ်ပါသည်။ လှည်းတိုက် ဟူသည်ကား နွားလှည်းဖြင့် စပါးများကို
သာဝတ္ထိရွာ မှ ရေဦးသို့ ပို့ဆောင်ပေးခြင်း အလုပ် ။ စပါး သို့ ကုန် များကို တစ်နေရာမှ တစ်နေရာ သို့ပို့ဆောင်ပေးခြင်းကို လည်းတိုက် လိုက်သည်ဟု ခေါ်ပါသည်။
တစ်ခေါက် အခကြေးငွေ မှာ ၃၅၀၀ မှာ ၅၀၀၀ ထိ ဖြစ်ပါသည်။ ဖခင်သည် ထိုခေတ်ကာလ က ထို လုပ်ငန်းဖြင့် မိသားစု ကို လုပ်ကိုင်ကျွေးမွေးပါသည်။
မိခင် အလုပ်အကိုင်သည် ပထမတွင် ကျောင်းဈေးသည် တစ်လည်း ပွဲဈေးသည် တစ်လည်း လုပ်ခဲ့ ရုန်းကန်ခဲ့ပါသည်။ ပွဲဈေးခင်း တွင် ကြံချောင်းများကို တစ်ချောင်း ငါးမူး ဖြင့် ရောင်းခဲ့သည်ကို အမှတ်ရပါသည်။ တစ်ရက်ထဲ ကြံလှည်း သုံးစီးလောက် ကုန်သွားသည့် နေ့ကို ကျွန်တော်တို့ ဘဝတွင် မမေ့နိုင်ပါ။ အမေ့ ရဲ့ ပျော်ရွှင်နေတဲ့ စကားသံများကို ယနေ့တိုင် နားထဲက မထွက်သေးပါ။နောက် ကံဆိုးခြင်းသည် ကံကောင်းခြင်းဖြစ်လေသည်။
အဖေ နှင့် အဘိုး အဘယ်ကြောင့် ပြဿနာ တက်သည်ကို မသိရသော်လည်း အိမ်ထောင်ငယ်တစ်ခု အတွက် သူ့အိမ်ကွင်းထဲ နေခွင့်မပေးနိုင်သော နေ့ ရက်များကို မေ့ မည် မဟုတ်ပါ။ သွေးသားရင် အဘိုး တစ်ယောက် က အိမ်ကွင်းထဲ နေခွင့်မပေးခြင်း (ခ) နှင်ချလိုက်ခြင်းကို မြင်တွေ့ရသော ကလေးငယ်တစ်ယောက် ရင်ထဲ ကို မြင်ကြည့်လိုက်ပါ။ အော် ငါတို့ မြေပိုင ်အိမ်ပိုင် မရှိဘူးပဲ လို့ ပထမဆုံး ခံစားရသော ညတစ်ည ပေတည်း ။ ကံဆိုးလိုက်လေခြင်း။ ဒီလို ဖြင့် အဘွားအရင် းအဘိုးအရင်းက နင်ချသောလည်း ဆွေမျိုးနီးစပ်သော ဘွားဘွား တစ်ယောက် မှ ကွင်းအလွတ် တစ်ခု ကို ဒယ်အိုး ကြီး နှင့် တူသော
ကွင်းထဲ သို့ နေခွင့် ပေးခဲ့ပါသည်။ ဘွားဘွား မြိုင် ယခု အချိန်မှာ လူ့လောကထဲ မရှိတော့ပါ။ အဘွားအရင်း မဟုတ်သော်လည်း သွေးသားတော်စပ်သော သူ့တူတော်မောင် ကျွန်တော့် အဖေကို လုပ်ကိုင်စားသောက်ဖို့ လယ်(သီးစားချ) တစ်ကွက် ပေးထားသလို နေစရာ အိမ်ကွင်းလည်း ပေးထားခဲ့ပါတယ်။ စိတ်ဓာတ်မကျ နဲ့ အလုပ်ကို ကြိုးစားဖို့ ပြောပါတယ် ။
ငါ့ တူ မင်းဝယ်နိုင်တဲ့ တစ်နေ့ လာဝယ်လှည့်ပါဆိုပြီ ကျွန်တော် တို့ မိသားစု သောင်ပြင် လွှတ်နေတဲ့ မိသားစု တစ်ခု ကို ဘယ်မှာ ခိုနားရမှန်းမသိတဲ့အခြေအနေမှ ကယ်တင်ပေးခဲ့သော ဘွားဘွားမြိုင်ပါ။
အိမ်ထောင်ခွဲ ကာလများတွင် အိမ်ထဲ တွင် ကွမ်းခြံ စိုက်ခြင်း တောင်သူကို အလေးထားလုပ်ြခြင်း အပိုထွက်ငွေ မရှိခြင်း လောင်းကစားမလုပ်ခြင်း ဖခင်သည် မသောက်မစား အပျော်အပါးမမက်ခြင်း
မိခင်သည်လည်း စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဖြစ်ခြင်း စသဖြင့် တို့ ကြောင့် ဘွားမြိုင် မဆုံး ခင် တစ်နှစ် မှာ ဘွား ဘွားမြိုင်ဆီက အိမ်တစ်ကွင်း လယ်နှစ်ကွက်ကို နှစ်နှစ်ပေါင်းပေး ဝယ်ယူနိုင်ခဲ့ပါသည်။
ညီအစ်ကို ဟာ ညီအစ်ကို ပါ စပါး ပေါက်ဈေး ဆိုတဲ့ စကားပုံ တစ်ခု နယ်ဖက်တွင် တွင်တွင်ကျယ်ကျယ် သုံးစွဲ ကြပါသည်။အဘယ်ကြောင့်ဆိုသော် အိမ်ထောင်ဦး စပါး လေးစုဆောင်းထားစဉ် ကာလတွင် အဖေ့ မိသားစု ဖက် မှ လယ်ကွက် တစ်ခု အပေါင်းဆုံး လုနီးနီး ဖြစ်နေပါသည်။ထိုအချင်းအရာ ကို မဖြစ်စေလိုသော အပေါင်ခံ မိသားစု သည် ဆွေမျိုးသားချင်း တော်စပ်မှုကြောင့်သော်လည်းကောင်
ထိုလယ်ကွက်လေး လုပ်ကိုင်းစားသောက်ရင်း တစ်နှစ် နှစ်နှစ်အတွင်း တွင် ဖခင်ဖက် မှ မိသားစု သည် သူ့တို့ လယ်ကွက် ဖြစ်သည် နှင့် အညီ အရင်ဝယ်ထားသော စပါးတင်းရေးအတိုင်း ပြန်ပေးပြီး ယူသွားပါသည်။ ထိုအချင်းအရာ များကို ကြည့်ခြင်းအားဖြင့် မိဘ ဟု ဆိုငြားသော်လည်း စာချုပ်တန်ဖိုး ကို အဖေ နှင့် အမေ သည်ကောင်းစွာ နားလည် သဘောပေါက်ခဲ့ကြပါသည်။ အသက် ၂၅ နှစ် ဝန်းကျင် တောင်သူလယ်သမား လင်မယား နှစ်ယောက် ဘယ်လောက် များ နာကျဉ် ကြေကွဲရပါလိမ့်။သူ့တို့ လယ် သူ့တို့ ပြန်ရွေးတာ မှန်သော်လည်း နှစ်ကာလ ခြားနားဖြင့် ၊ အပေါင်းခံ သူ ထံမှ အိမ်ထောင်ဦး မိသားစု ကို ကြည့်ရှုစောင့်ရှောက်ခြင်း စေတနများကို မြောင်းထဲ ရောက်စေခဲ့ပါသည်။ ထိုလယ်ကွက်များသည် မိမိတို့ မိသားစု ဖြင့် မထိုက်တန်သော လယ်ကွက်များ ဖြင့် ဖြစ်ပေလိမ့်မည် (သို့) အခါတစ်ပါး ဘဝတစ်ခု မှာ မထိုက်သင့်သော ပစ္စည်း ဥစ္စာကို ယူမိခဲ့လေသောကြောင့်လား မပြောတတ်ပေ ။ ထို ကာလအတောအတွင်းတွင် ဖခင်သည် ရပ်ဝေးရပ်နီး ခရီးသွားလာခြင်း ဘုရားဖူးခြင်း မရှိပါ။ ကျန်းမာရေး မှ အပ ဘယ်မြို့ဘယ်ရွာ ကို မှ မသွားပဲ နေခဲ့ပါသည် ။ ရွာမှာ နေပြီး စီးပွားရေး အတန်အသင့် ကောင်းစေရမည်ဟု စိတ် ဆုံးဖြတ်ချက် ချထားဟန် တူ ပေသည်။ မိသားစု သုံးယောက် တက်ညီ လက်ညီ ရုန်းကန်ရင်း လယ်များ တစ်ကွက်ပြီး တစ်ကွက် ဝယ်ယူ အိမ်ကွင်း တစ်ကွင်း မှ နှစ်ကွင်း နှစ်ကွင်း မှ သုံး ကွင်း ၊ စပါးခြွေစက်များ တစ်လုံး မှ နှစ်လုံး ထွန်စက်များ အစသဖြင့် တောင်သူ လယ်ယာခွင်အတွက် လိုအပ်သော
စက်မှုလက်မှု နည်းပညာများကို လေ့လာလိုက်စားရင်း ကျွန်တော် မိသားစု သည် အတော်အတန်သင့် အဆင်ပြေလာခဲ့ပါသည်။
ရွှေဘိုမြောက်ခြမ်း တောင်သူမိဘတစ်ယောက် မှ မွေးဖွားပေးလိုက်သော အိုင်တီ အင်ဂျင်နီယာ တစ်ယောက်သည် Business Case ဖြင့် နိုင်ငံခြားသွားမည်ဟု သိသောအခါ ဖခင်သည် ဘယ်လောက် ပျော်ရွှင်နေမည်နည်း မိခင်သည် ဘယ်လောက် ပျော်ရွှင်နေမည် နည်း ၊ ကာယကံရှင် ကျွန်တော်ကိုယ်တိုင်လည်း ...........
သိန်းပေါင်းများစွား ချမ်းသာသော သူအတွက် ငွေစ အနည်းငယ်သည် သူ့အတွက် ဘာ မှ မပြောပလောက်သလို နိုင်ငံခြား ကို ခေါက်တုန့်ခေါက်ပြန် ဈေးဝယ် အလုပ်ကိုင် ဖြင့် သွားရောက်နေသူများအဖို့ လာအိုလို နိုင်ငံသည် ဘာမှ ဟုတ်မည် မဟုတ်ပေ၊
လာအိုခရီးစဉ်အတွက် ရန်ကုန်လေဆိပ်သို့ ရောက်နေပါပြီ ။ မြန်မာပြည်မှ စထွက်ထွက်ခြင်းပင် passport သည် အသစ်ဖြစ်နေခြင်းကြောင့် လိုသည့်မေးခွန်းများကို မေးပါတော့သည် ။
လာအိုနိုင်ငံ ရောက်လို့ Show Money ပြခိုင်းရင် ဘယ်လို လုပ်မလဲ လို့ စကားတစ်ခွန်းသည် ကျွန်တော့် ကို ချွေးပြန်စေပါသည်။ကျွန်တော့်လက်
လာအိုတွင်လည်း ဟော်တယ် အခန်းခ ရှင်းပြီးသား အပြန် လေယာဉ် လက်မှတ်တစ်ခါတည်း ဖြတ်ပြီးသားပါ။ မသိမှု သည် လူကို ကြောက်ရွံ့စေသည်။ ချွေးပြန်စေသည်။
လေဆိပ်ထဲ တင် ဆောက်တည်ရာ မရ ။ မနက်စောစောဖြစ်သည့်အတွက် အခြားသူများ ကို ဖုန်းခေါ်ဖို့ ခက်ခဲစေပါသည် ။ ဖြစ်သမျှအကြောင်း အကောင်းဆုံး ဖြေရှင်းမည်ဟု စိတ် ဆုံးဖြတ်ချက် ချလျက်။
လေယာဉ်တက်စတွင် အနည်းငယ် မညင်သာဟု ထင်မိပါသည်။ အရင်ဦးဆုံး မြန်မာပြည်က မထွက်ခွင့် အင်မီကရေးရှင်းမှ ဟောက်ခံ လိုက်ရပါသည်။ ဖောင် စာရွက်
သေချာမဖြည့်သောကြောင့်ပါ။ ထိုင်းနိုင်ငံ တွင် Transist စီးရမည် ဖြစ်သောကြောင့် မိမိ လက်ဆွဲ အိတ်ကို မည်သည့် ကောင်တာတွင် ထုတ်ရမှန်းမသိ ဖြစ်နေပါသည်။ လူများနှင့် လိုက်ရင်း လိုက်ရင်း
သူတို့ သည် ထိုင်းနိုင်ငံသို့ သွားမည့် ခရီးသည်များ ဖြစ်ပါသည် ။ ဒါကြောင့် ထိုသူ တို့ နှင့် လမ်းကြောင်း မတူညီနိုင် မိမိဖာသာ မေးမြန်းရတော့မည် ကို နားလည်လာပါတယ် ။
စိတ်တွေလည်း လှုပ်ရှား ရင်တွေလည်း ခုန် ။ အနီးအနား ရှိ သန့်ရှင်းရေး ဝန်ထမ်း ကို မိမိ တတ်သလောက် မှတ်သလောက် မေးပါသော်လည်း သူ ပြောတာ ကိုယ်က နားမလည်း ကိုယ်မေးတာ သူက မသိ။
နောက်ဆုံး မိမိ အဝတ်အစားအိတ်ကို အဆုံးအရှုံး ခံ နိုင်သော်လည်း luaage အိတ်ထဲတွင် ပါဝင်လာသော company မှ POS များ နှင့် ပစ္စည်းများကို မိမိ မလျှော်နိုင်ပါ။ စိတ်ကို တည်တည်ငြိမ်ငြိမ်
ထားပြီး Question Sign ပါတဲ့ ကောင်တာတွင် မိမိလာသည့် နိုင်ငံ Flight No. နှင့် သွားမည့် ခရီးစဉ်ကို ပြောပြပြီး ခရီးဆောင်အိတ်ထုတ်လိုသည်ကို မေးမြန်းသည့်အခါ မှ အလွယ်တကူ ထုတ်ရမည့် နံပါတ်ကို
သိပါတော့သည်။ ရန်ကုန်လေဆိပ် ကျယ်လှသည် ဟု ထင်ခဲ့သော မိမိသည် ထိုင်းလေဆိပ်ထဲတွင် ဒုက္ခ လှလှကြီး ရောက်ပေတော့သည်။ အဝတ်အစားအိတ်ထုတ်ပြီး
မြန်မာပြည် company ကို အကြောင်းကြား ထိုင်းနိုင်ငံ မှ လိုက်မည်ဖြစ်သော မိမိ Techanical Adviser ဆီ message အပြန်အလှန်ပို့ပြီးမှ စိတ်အေးရပေတော့သည်။
ထိုင်းမှ တစ်ဆင့် လာအို နိုင်ငံ သို့ အသွား လေယာဉ်ပေါ်တွင် တိုက်သော ကော်ဖီ ကို သောက်ပါသော်လည်း သကြား သို့ မလိုင် ထုပ် မတောင်းမိသောကြောင့် ခါးခါးတူးတူး
ကော်ဖီကို ကြိတ်မှိတ် သောက်ခဲ့ရပါသည် ။ ။ လာအို လေဆိပ် အင်မီကတေးရှင်းအဝင်တွင် သူတို့ နိုင်ငံသို့ တစ်ခေါက် မှ မရောက်ဘူးလို့လား အဘယ်ကြောင့် မသိ စစ်ပါလေတော့သည်။
တစ်ယောက်ထဲ မဟုတ်ကြောင်း ပြော မှ ဝင်ခွင့်တုံး ထုပေးပါသည်။ လာအိုလေဆိပ်တွင် KIP ပိုက်ဆံ လည်းပြီး မိမိတော်တော်ချမ်းသာကြောင်း သိရသည် အကြောင်းမှာ အမေရိကန် တစ်ဒေါ်လာ
မှ လာအိုပိုက်ဆံ ၈၀၀၀ KIP ဖြစ်သောကြောင့် ၁၆ သိန်းလောက် ရရှိလေသည်။ လေဆိပ်မှ တည်းခိုရာ သို့ ကားငှားရာတွင် လာအို ပိုက်ဆံ တစ်သိန်း ရှင်းရလေသည်။ အလုပ်ကိစ္စ များ လုပ်ဆောင်
ညနေပိုင်းတွင် လာအိုရဲ့ တစ်ခု တည်းသော အထင်ကရ ပန်းခြံနှင့် ရှေးဟောင်း လက်ရာ အဆောက်အဦးသို့ သွားရောက်လည်ပတ်ပြီး ၊ လာအိုတွင် ငါးရက်တာ ကုန်ဆုံး ခဲ့ပါသည် ။ လာအို မှ ထိုင်း
ထိုင်းမှ တဆင့် အမိ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိပါသည်။ မြန်မာပြည်ရောက်ချိန်တွင် ည ၁၁ နီးပါး ရှိနေပါပြီ။ မိမိကို ကြိုဆိုမည့် သူ မရှိသော်လည်း လေဆိပ်တွင်
ချိပ်ဆွဲထားသော အမိမြန်မာ ပြည်သူ ပြည်သားများကို ကြိုဆိုပါ၏ ဆိုင်းဘုတ်သည် ကျွန်တော့်အတွက်လိုပင် သတ်မှတ်ပစ်လိုက်သည်။ လေယာဉ်မဆင်းခင် ခံစားရသော အချက်များမှာ
မိမိသည် တောသူ တောင်သား လယ်သမား ရွှေဘို မြောက်လက် မှ ကျေးတောရွာကလေး မှ မွေးဖွားသော သူတစ်ယောက်ဖြစ်ပါသည်။ ထိုခရီးစဉ်သည် ရင်ထဲတွင် ကြည်နှုးခြင်း
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ဝမ်းသာခြင်း ဖြင့် ဆိုက်ရောက်ခဲ့ပါသည်။ လေယာဉ်မဆင်းခင်တွင် ဖြတ်ခနဲ ပြတ်တောက်သွားသော လျှပ်စစ်မီး သည် တစ်လောက်ကလုံးကို အမှောင်ကျ
စေပါသည်။
ကျွန်တော့်အတွေးများထဲတွင် ကျွန်တော့်ကိုပညာသင်ခွင့်ရအောင် ကျောင်းထားပေးသော မိဘများ အမျှော်အမြင်ကြီးစွာ ဖြင့် တက္ကသိုလ် ပို့ပေးခြင်း ကြောင့် သာ ရန်ကုန် ကို ရောက်ရှိလာခဲ့နိုင်သလို ယနေ့ အထိ ရပ်တည်နေသော အခြေအနေများသည် ပညာရေးကို အားပေးသော တောသူတောင်သား တစ်ယောက်၏ ဉာဏ်အမြော်အမြင်ကြီးမားမူများ
အားလုံးကို ကျေးဇူးဆပ်ခြင်းအားဖြင့်
၂၀၁၂ က ဒီလို ပြောခဲ့တယ်။
ပညာရေးကို အားပေးပါ လို့
တစ်အိမ်တက်ဆင်း မပြောနိုင်ဘူးလေ
အသိဉာဏ်ဗဟုသုတအတွက်
စာကြည့်တိုက်ဖွင့်လိုက်တယ်
၂၀၂၀ ဒီလို ပြောနိုင်ဖို့ကြိုးစားနေပါတယ်။
ပညာရေးကို အားပေးပါလို့
ကျေးရွာအပြင် တစ်နယ်လုံး ပြောနိုင်ဖို့
လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းအတွက် စာကြည့်တိုက်အပြင်
Youth's Strength Development & Community Center ဆောက်ခဲ့တယ်။
ကျေးဇူးတင်စွာဖြင့်
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၂၀ မတ်လ ၂၃ ရက်။
Comments
Post a Comment